ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၂၁ ရက်
ကရင်နီပြည်နယ်ရှိ ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ-ဖားဆောင်းလမ်းပိုင်းတွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့်တိုက်ပွဲအတွင်း စစ်သားခုနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထားလဲ-နန်းဖဲ လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး၍ လမ်းလုံခြုံရေးယူနေသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ခုနှစ်ဦးသေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့် ကျန်တပ်ဖွဲ့ဝင်များကိုလိုက်လံဖမ်းဆီးရာ လက်နက် ငါးလက်နှင့် ခဲယမ်းများကိုရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီကတော့ ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ-ဖားဆောင်းထိပေါ့နော် တောက်လျှောက်စစ်ကြောင်းတွေထိုးနေတယ်။ သူတို့ရဲ့ယာဉ်တန်းတွေဖြတ်သန်းသွားလာတာတွေလုပ်နေတယ်။ အဲ့ဒီယာဉ်တန်းတွေကိုလိုက်ပြီး လုံခြုံရေးယူပေးတဲ့စစ်ကြောင်းတွေက ပြည်ထောင်စုလမ်းမကြီးရဲ့ဘေးဝဲယာကနေကလိုက်ပြီးတော့မှစစ်ကြောင်းတွေဖြန့်ပြီးတော့မှ စစ်ကြောင်းထိုးတာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်းမှစတင်သည့် ရန်နိုင်မင်းစစ်ဆင်ရေးဖြင့် ဖရူဆို-ဘောလခဲ-ဖားဆောင်းသို့ စစ်ကြောင်းထိုးလျက်ရှိပြီး လမ်းတလျှောက်ရှိ မြေပြင်စစ်ကြောင်းများမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ချေမှုန်းခံရခြင်း၊ ယာဉ်တန်းများတိုက်ခိုက်ဖျက်ဆီးခံရခြင်းတို့ကို ကြုံတွေ့နေရကြောင်းလည်း သိရသည်။
နန်းဖဲကျေးရွာအနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ထိခိုက်သေဆုံးများရှိခဲ့ပြီး လက်နက်ငယ် တစ် လက်သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – KNDF