နိုင်း/ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုန်းတီးနေတဲ့ စစ်အင်အားတွေကို ပြန်ဖြည့်ဖို့ “ပြည်သူ့စစ်မှုထမ်း ဥပဒေ” ဆိုတာကြီးကို အတင်းအကျပ် ပြဋ္ဌာန်းခဲ့တာ မှတ်မိကြဦးမှာပါ။ အဲဒီဥပဒေအရ ပထမဆုံး ခေါ်ယူခဲ့တဲ့ အမှတ်စဉ် (၁) သင်တန်းသားတွေဟာ လာမယ့် ဧပြီလ ၈ ရက်နေ့ဆိုရင် စစ်ထဲရောက်နေတာ ၂ နှစ် တိတိ ပြည့်တော့မှာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အသက်ပြည့်မီတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ ၂ နှစ် စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
ဥပဒေထဲမှာတော့ ၂ နှစ်ပြည့်ရင် အိမ်ပြန်ရမယ်လို့ ဆိုထားပေမဲ့ လက်တွေ့မှာတော့ ဒီလူငယ်တွေအတွက် အိမ်ပြန်လမ်းဟာ မြူခိုးတွေကြားမှာ ပျောက်ဆုံးနေတုန်းပါပဲ။
“၂ နှစ်ပြည့်ရင် ထွက်ခွင့်ပေးမယ်သာ ပြောတာ၊ အခုထိတော့ ပြည်သူ့စစ်မှုထမ်းကနေ တရားဝင် နှုတ်ထွက်ခွင့်ရလို့ အိမ်ပြန်လာပြီဆိုတဲ့သူ တစ်ယောက်မှ သက်သေနဲ့တကွ မတွေ့ရသေးပါဘူး” လို့ ပြည်သူ့ရင်ခွင်အဖွဲ့က CDM တပ်မတော်သားတစ်ဦးက ပြောပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမယ့် နိုင်ငံသားတိုင်းဟာ ၂ နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါက ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဆုပ်ကိုင်ထားပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ခဲ့တဲ့ လူငယ်တွေရဲ့ စစ်မှုထမ်းကာလဟာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်မှုထမ်းလေ့လာစောင့်ကြည့် သူတွေကတော့ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ငွေကြေးတတ်နိုင်သူတွေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန် ရထားသူ အနည်းငယ်လောက်ကိုပဲ ဝါဒဖြန့်ဖို့အတွက် “ဟန်ပြ” အိမ်ပြန်လွှတ်ပေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“စစ်မှုထမ်းသက်ပြည့်တဲ့ တပ်သားတွေကို ထွက်ခွင့်ပေးတာက ပုံစံအမျိုးမျိုးနဲ့တော့ အနည်းအကျဉ်း ရှိလာနိုင်တယ်။ သူတို့ ပုံဖော်ဝါဒဖြန့်ဖို့အတွက် အသုံးချနိုင်ဖို့ ရည်ရွယ်ချက်အရ လိုအပ်သလောက် အရေအတွက်တချို့တော့ နှုတ်ထွက်ခွင့်ပြုကောင်း ပြုလာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” လို့ MDSI အဖွဲ့အစည်း စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက သူ့ရဲ့ ယူဆချက်ကို ပြောပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM တပ်မတော်သားတွေ စုဖွဲ့ထားတဲ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ သုတေသန အခြေပြု အဖွဲ့အစည်းတစ်ခုပါ။
မင်းအောင်လှိုင်စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် ၂ နှစ်တာကာလမှာ အမှတ်စဉ် (၂၂) အထိ စစ်သင်တန်းပေးထားနိုင်ပြီး အခု မတ်လဆန်းမှာ အမှတ်စဉ် (၂၀) အထိ စစ်သင်တန်းဆင်းပြီးတာကြောင့် တပ်သားသစ်အင်အား ၁ သိန်းဝန်းကျင်အထိ စုဆောင်းရရှိထားပြီ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် စုဆောင်းခံရတဲ့ တပ်သားသစ်အင်အားအများစုကို ခြေလျင်တိုက်ခိုက်ရေး တပ်တွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ပါတယ်။ လူသားဒိုင်းသဖွယ် စနစ်တကျ အသုံးချခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ စစ်ရေးအရ အရေးပါတဲ့သူတွေ ဖြစ်လာပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး ရှမ်းမြောက်ဒေသအပါအဝင် တော်လှန်ရေးဒေသ အများစုမှာ တိုက်ခိုက်ရေးအင်အား အများအပြားနဲ့ တန်ပြန်ထိုးစစ်တွေ ဖော်ဆောင်လာနိုင်တာကို တွေ့ရပါတယ်။ အဲဒီလို မြို့သိမ်း၊ နယ်သိမ်းစစ်ဆင်ရေးတွေအပြင် တပ်စခန်းတွေမှာ အင်အားအများ အပြား သုံးပြီး ခုခံစစ်တွေ ဖော်ဆောင်လာနိုင်တာမျိုးတွေပါ ရှိလာတာကြောင့် တပ်သားသစ်အင်အား တွေဟာ အဓိကကျတဲ့နေရာကနေ ပါဝင်နေတယ်ဆိုတာ သိရှိနိုင်ပါတယ်။
“စစ်တပ်က နဂိုထဲက တိုက်ခိုက်ရေးအင်အား မရှိဘူး။ အင်အားအင်မတန်မှ ချိနဲ့ပြီး ပြိုလဲနီးပါး ဖြစ်နေတာ။ စစ်ကောင်စီတပ်ရဲ့ ပြောင်းလဲသွားတဲ့ စစ်ရေးအရွေ့မှာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ အထောက်အကူပြုခဲ့တယ်” လို့ ကိုနောင်ရိုးက ဆိုပါတယ်။
စစ်တပ်ဟာ သူတို့အတွက် အကျိုးအမြတ်များစွာကို ရရှိစေခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်တွေကို လွယ်လွယ်ကူကူနဲ့ တပ်တွင်းမှ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးဆိုတာ တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံထားရသူတွေကလည်း ယုံကြည်နေကြပါတယ်။
တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံရပြီးနောက် မကြာသေးမီကမှ ထွက်ပြေးလွတ်မြောက်လာတဲ့ မောင်ညို (အမည်လွှဲ) က တပ်တွင်းအခြေအနေနဲ့ စစ်မှုထမ်းသက် ၂ နှစ်ပြည့်ပြီး ပြန်ထွက်လာမယ့် အခြေအနေကို ယခုလို ပြောပါတယ်။
“ကျွန်တော့်အမြင်ပြောရရင် ၂၀၀ မှာ ၂ ယောက်လောက်ကတော့ ပြန်ခိုင်းမှာပေါ့။ ၂၀၀ မှာ ၂ ယောက် ဆိုတာကလည်း ပိုက်ဆံရှိတဲ့သူတွေ ဖြစ်မှာမလို့ တပ်ရင်းမှူးကို သိန်း ၁၀၀၊ ၂၀၀ ထိုးပေးပြီး စစ်မှုထမ်း လက်မှတ်ထုတ်တာမျိုး လုပ်ရင်လုပ်မှာပေါ့” လို့ တပ်မှထွက်ပြေးခဲ့တဲ့ မောင်ညိုက ပြောပါတယ်။
အသက် ၃၀ ဝန်းကျင်ရှိပြီးဖြစ်တဲ့ မောင်ညိုဟာ စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲခဲ့တဲ့ လူငယ်တွေနဲ့အတူ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ပါတယ်။ မောင်ညိုကို စစ်တပ်က ခေါ်ဆောင်ပြီးနောက် ၂၀၂၅ ၊ နိုဝင်ဘာမှာတော့ တန့်ယန်းမှာရှိတဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) ကို သင်တန်းကျောင်းကို တက်ရောက်ခဲ့ရပါတယ်။
“ပေါ်တာအဆွဲခံရပြီး ထွေအုပ်ရုံးထဲရောက်တုန်းက သူတို့ပြောတာ အကုန်လုံးက ၂ နှစ်ပဲ။ သင်တန်း ကျောင်း ရောက်တဲ့အထိလည်း ၂ နှစ်ပဲ။ သင်တန်းဆင်းလို့ တပ်ကိုရောက်ရင်လည်း ၂ နှစ်ပဲ။ အကုန်လုံး ၂ နှစ်ဆိုပြီးပဲ ပြောတယ်” လို့ မောင်ညိုက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့အပြင် စစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း မကြိုက်တဲ့ မောင်ညိုဟာ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်သင်တန်းကျောင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မောင်ညိုကို စစ်တပ်က ပြန်လည်ဖမ်းမိခဲ့ပြီး သင်တန်းကျောင်းတစ်ခုလုံးရဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်းကိုပါ ခံခဲ့ရပါတယ်။
စစ်တပ်ကနေ ထွက်ပြေးဖို့ အမြဲနည်းလမ်းရှာနေတဲ့ မောင်ညိုဟာ သူတို့ကို ရေကြောင်းကနေတစ်ဆင့် ရခိုင်ရှေ့တန်းပို့ဖို့အတွက် ရန်ကုန်ကို ပို့ဆောင်စဉ်မှာပဲ ဘဝတူစစ်မှုထမ်းတပ်သားသစ် လူငယ်အချို့နဲ့ အတူတူ ထပ်မံထွက်ပြေးရင်း လွတ်မြောက်ခဲ့ပါတယ်။
“စစ်ထဲဝင်ရတာ ပင်လယ်လိုပဲ၊ ဘယ်ကခုန်ချချ ပင်လယ်ထဲရောက်တာ။ ဒါပေမဲ့ ပြန်ထွက်ဖို့ကျတော့ အပ်ပေါက်လိုပဲ၊ ကိုယ့်ကိုယ်ကိုယ်က အပ်ပေါက်နဲ့ မဆန့်ဘူး” လို့ မောင်ညိုက ဆိုပါတယ်။
မောင်ညိုဟာ NLD ပါတီကို ထောက်ခံခဲ့သူတစ်ဦး ဖြစ်လို့ တိုင်ကြားခံရပြီး အိမ်တိုင်ရာရောက် လာခေါ်တာ ခံခဲ့ရသူပါ။ သင်တန်းကျောင်းမှာရော၊ တပ်ထဲမှာပါ “၂ နှစ်ပဲ” လို့ အမြဲပြောနေကြပေမဲ့ အမှတ်စဉ် (၁) နဲ့ (၂) က တပ်သားတွေ အိမ်ပြန်ခွင့်မရလို့ ဆန္ဒပြနေကြတယ်ဆိုတာ ကြားသိရကြောင်း မောင်ညိုက ပြောပြပါတယ်။
“ကောလင်းဘက်မှာတော့ (၁) နဲ့ (၂) ကကောင်တွေ အယောက် ၃၀ လောက် မပြန်ရလို့ ဆန္ဒပြနေတာ ကြားတယ်လို့ ပြောတယ်။ လုပ်သက်ပြည့်ရင်တောင် ပိုက်ဆံတတ်နိုင်သူ အချို့လောက်ပဲ ထွက်ခွင့် ရနိုင်မယ်” လို့ မောင်ညိုက ဆက်လက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခြင်း ခံရသူတွေဟာ စစ်မှုထမ်းသက် ၂ နှစ်ပြည့်သော်လည်း အိမ်ပြန်ရရန် မျှော်လင့်ချက်မရှိသလောက် ဖြစ်နေတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်ရဲ့ ပုံစံမျိုးစုံနဲ့ အသုံးချခြင်းကို ခံနေကြရပါတယ်။
စစ်တပ်ဟာ ၎င်းတို့အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်များတွင် လူသား ဒိုင်းအနေဖြင့် အသုံးချလေ့ရှိတဲ့အတွက် စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုအများစုမှာ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် (ပသစ) တွေ ဖြစ်နေလေ့ရှိတယ်လို့ CDM တပ်မတော်သား အရာရှိတွေက ဆိုပါတယ်။
ဒီလိုလူငယ်တွေရဲ့ ကံကြမ္မာဟာ တကယ့်ကို ကြေကွဲစရာပါ။
“ရှေ့တန်းရောက်ရင် သူတို့က အငယ်ဆုံးတွေဆိုတော့ ခိုင်းတာအကုန်လုပ်ရတာပဲ။ ဘယ်သန္ဓေ စစ်သား ကမှ သေနိုင်တဲ့နေရာကို အတွေ့အကြုံမရှိတဲ့ လူငယ်တွေကိုကျော်ပြီး မတက်ဘူး။ အတင်းအကျပ် တက်ခိုင်းတာပဲ” လို့ ပြည်သူ့ရင်ခွင်က CDM တပ်မတော်သား တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ အမ်းတိုက်ပွဲ (နပခ) မှာ သေဆုံးခဲ့သူ အများစုဟာလည်း ငယ်ရွယ်တဲ့ စစ်မှုထမ်းသစ်တွေပဲ ဖြစ်နေတာဟာ မှတ်တမ်းအဖြစ် ကျန်ခဲ့မယ့် သက်သေတွေပါပဲ။
စစ်မှုထမ်းတပ်သားတွေဟာ ရှေ့တန်းတိုက်ပွဲမှာ အသုံးချခံနေရတဲ့အပြင် စစ်တပ်မှ ထွက်ခွာခွင့်ရရန် မသေချာတဲ့ အခြေအနေကို ကြုံနေရပါတယ်။ အဲဒီနောက်ကွယ်မှာလည်း နောက်ထပ် စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ မိဘ၊ မောင်နှမ၊ ဇနီးနဲ့ သားသမီးတွေ ရှိပါတယ်။
“မောင်လေးကတော့ လက်မောင်းကျည်ထိသွားကတည်းက ရှေ့တန်းမသွားရတော့ဘူး။ တပ်ထဲမှာပဲ လယ်လုပ်နေရတယ်ပြောတယ်။ မောင်လေးနဲ့အတူတူ ရှေ့တန်းပါသွားတဲ့ သူငယ်ချင်းကတော့ ပျောက် သွားတယ်။ သူ့မိန်းမလေးက မွေးကင်းစကလေးနဲ့ ကျန်ခဲ့တာ။ အဲဒီလိုတွေမြင်တော့ စိတ်မကောင်း ဖြစ်တယ်” လို့ စစ်မှုထမ်းဖို့ စုဆောင်းခံလိုက်ရသူတစ်ဦးရဲ့ အစ်မဖြစ်သူက ပြောပြပါတယ်။
ပြင်းထန်နေဆဲဖြစ်တဲ့ စစ်ရေးအခြေအနေတွေနဲ့ စနစ်ကျလာတဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအောက်မှာ စစ်တပ်ဟာ အခုလိုမျိုး လွယ်လွယ်ကူကူနဲ့ ခြိမ်းခြောက်စုဆောင်းရရှိထားတဲ့ စစ်အင်အားတွေကို လက်လွှတ်မှာမဟုတ်သလို စစ်တပ်ကနေလည်း ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။
စစ်ကော်မရှင်ဟာ သူတို့အတွက် အကျိုးအမြတ်များနေတဲ့ ဒီစစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို လွယ်လွယ်နဲ့ အိမ်ပြန်လွှတ်မှာ မဟုတ်တဲ့အကြောင်းကို ပြည်သူ့ရင်ခွင်က တာဝန်ရှိသူတစ်ဦးက ယခုလို ဆိုပါတယ်။
“ထွက်ခွာခွင့်ကတော့ မင်းအောင်လှိုင်က တိုင်းပြည်အာဏာကို ၆ လတစ်ကြိမ် သက်တမ်းတိုးယူ ခဲ့သလို မျိုးပဲ ဖြစ်လာလိမ့်မယ်”