‎‎ဧရာဝတီတိုင်းမ်
‎မတ် ၂၁ ရက်

ကိုယ်ခံပညာရှင်နှင့် ဟောလိဝုဒ်အက်ရှင်မင်းသားကြီး ချက်နောရစ် အသက် ၈၆ နှစ်သည် မတ် ၁၉ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း BBC News မှာဖော်ပြထားသည်။

ချက်နောရစ်သည် ရုပ်ရှင်လောကသို့မဝင်ရောက်မီ ကိုယ်ခံပညာချန်ပီယံနှင့် နည်းပြတစ်ဦးအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။

 

CBS ရုပ်သံစီးရီးဖြစ်သော “Walker, Texas Ranger” တွင် ပါဝင်သရုပ်ဆောင်ကာ ကြမ်းတမ်းခိုင်မာသော အမေရိကန်ယောက်ျားပီသမှု၏ ပြယုဂ်ဖြစ်ခဲ့သူ၊ နောင်တွင် လူမှုကွန်ရက်၌ လူသိများသော မီမ်း (meme) ဇာတ်ကောင်ဖြစ်လာသူ၊ ကိုယ်ခံပညာရှင်နှင့် ဟောလိဝုဒ်အက်ရှင်မင်းသားကြီးသည် ကြာသပတေးနေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏မိသားစုက ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ ချစ်လှစွာသော Chuck Norris ဟာ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်တွေက ကြေကွဲဝမ်းနည်းစွာနဲ့ အသိပေးအပ်ပါတယ်။ ကွယ်လွန်ရတဲ့ အခြေအနေအသေးစိတ်ကိုတော့ သီးသန့်ပဲ ထားရှိလိုသော်လည်း သူဟာ မိသားစုဝင်တွေ ဝန်းရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိစေချင်ပါတယ်” ဟု သူ၏မိသားစုက ‎ Instagram တွင်ဖော်ပြထားသည်။
‎‎

“ကမ္ဘာကြီးအတွက်တော့ သူဟာ ကိုယ်ခံပညာရှင်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်နဲ့ ခွန်အားတွေရဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အတွက်တော့ သူဟာ သစ္စာရှိတဲ့ ခင်ပွန်း၊ မေတ္တာရှိတဲ့ ဖခင်နဲ့ အဖိုး၊ ထူးချွန်တဲ့ ညီအစ်ကိုတစ်ယောက် ဖြစ်သလို မိသားစုရဲ့ နှလုံးသည်းပွတ်လည်း ဖြစ်ပါတယ်။ သူဟာ ဘဝကို ယုံကြည်ချက်၊ ရည်မှန်းချက်တွေနဲ့အတူ သူချစ်ရတဲ့သူတွေအပေါ် မယိမ်းယိုင်တဲ့ ကတိကဝတ်တွေနဲ့ ဖြတ်သန်းသွားခဲ့သူပါ” ဟု မိသားစုက ထပ်လောင်းပြောကြားခဲ့သည်။

ချက်နောရစ် သည် ဆယ်စုနှစ်တစ်ခုနီးပါး (Season ၉ ခု) တိုင်အောင် ထုတ်လွှင့်ခဲ့သည့် “Walker, Texas Ranger” ဇာတ်လမ်းတွဲမှ တက္ကဆက်ရဲတပ်သား Cordell Walker အဖြစ် လူသိအများဆုံး ဖြစ်ပြီး အဆိုပါ ဇာတ်လမ်းတွဲသည် ယနေ့တိုင် ရုပ်သံလိုင်းများတွင် လူကြိုက်များဆဲဖြစ်သည်။

ထို့နောက် ဘရုစ်လီ၏ နာမည်ကြီး “The Way of the Dragon” ဇာတ်ကားနှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ထွက်ရှိခဲ့သည့် “Lone Wolf McQuade,” “Missing in Action,” “Code of Silence” နှင့် “The Delta Force” စသည့် အက်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

 

ကိုးကား – BBC News
ဓာတ်ပုံ – လူမှုကွန်ရက်