ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

 

TNLA နှင့် MNDAA တို့အပစ်ရပ်ကာ မဟာမိတ်အဖြစ်ဆက်ရှိသွားမည်ဖြစ်ပြီး ကွတ်ခိုင်မြို့ကို MNDAA မှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့ မတ် ၂၀ က လောက်ကိုင်တွင် TNLA၊ MNDAA အပြင် AA လည်းပါဝင်ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်ရန်သဘောတူညီခဲ့ကြ၍ နယ်မြေခွဲဝေရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဆွေးနွေးရာတွင် နှစ်ဖက်တပ် နေရာချထားရေး၊ ဖမ်းဆီးထိန်းသိမ်းထားသည့် နှစ်ဖက်တပ်သားများ ပြန်လွှတ်ပေးရေးနှင့် နယ်မြေခွဲဝေမှုကိစ္စများ ပါဝင်ပြီး ကွတ်ခိုင်မြို့ကို ကိုးကန်တပ်က ထိန်းချုပ်သွားမည်ဖြစ်သည်။

 

“အဓိက နှစ်ဖက်တပ် အပစ်ရပ်ဖို့ရယ် မဟာမိတ်အဖြစ်ဆက်လက်ရပ်တည်ဖို့နဲ့ နယ်မြေတွေ တပ်နေရာချထားရေးတွေ သဘောတူနိုင်ခဲ့တယ်။ ကွတ်ခိုင်ကို သူတို့ကိုပေးရမယ်”ဟု TNLA သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နယ်မြေကိစ္စကို အတိအကျပြောဆိုခြင်းမရှိဘဲ သတ် မှတ်ထားသည့်သည့် နေရာရောက်မှသာ အတည်ပြုန်ိုင်မည်ဟု ရွှေဖီမြေသတင်းဌာနကို လွေယေးဦးက ဖြေဆိုထားသည်။

 

MNDAA သည် TNLA တပ်ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့အပါအဝင် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ TNLA တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ္မတူနှင့် နမ့်ခမ်းအစပ်တွင်လည်း စစ်ဆိုင်ထားကြောင်း သိရသည်။

 

ထို့အပြင် တအာင်းအမျိုးသားအလံနှင့် စာတို့အား အသုံးမပြုကြရန် ဒေသခံတို့ကို ပြောဆိုခဲ့ကြောင်း သိရပြီး ကျေးရွာဆိုင်းဘုတ်များတွင် တအာင်းအမျိုးသားအလံ ဆေးရောင်များဖျက်ပေးရန်၊ ကျေးရွာ စာသင်ကျောင်းများ၌ တအာင်းအမျိုးသားအလံ ဖြုတ်ချပေးရန်နှင့် တအာင်း စာပေဖြင့် ရေးသားထားသည့် စာများ ဖြုတ်ပေးရန်၊ ဆက်လက်အသုံးမပြုရန် ပြောဆိုမှုများရှိကြောင်း သိရသည်။