ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မတ် ၂၁ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကော်မရှင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ကျင်းပပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို အသေခံ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း CDF-Hakha နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ယမန်နေ့ မတ် ၂၀ ရက်နေ့တွင် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးတွင် လွှတ်တော်အစည်းအဝေး စတင်ခေါ်ယူသည့်နေတွင် ချင်းကာကွယ်ရေးတပ် (ဟားခါး) မှ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ပြည်နယ်အဆင့် လွှတ်တော်အစည်းအဝေး စတင်တဲ့နေ့မှာ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကို တိုက်ရိုက်မထိခိုက်ပေမဲ့ ထိခိုက်ပျက်စီးမှုတော့ ရှိမှာပါ။ အသေးစိတ်တော့ မသိရသေးဘူး။ သူတို့ဘက်က သတင်းအမှောင်ချထားတယ်”ဟု CDF-Hakha နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား အသက်သွင်းမှုကို ဆန်ကျင်သည့်အနေဖြင့် တရားမဝင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးကို CDF- Hakha က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။

CDF-Hakha သည် စစ်ကော်မရှင်တပ် လုံခြုံရေး အများအပြားချထား တင်းကျပ်နေသည့်ကြားမှ လွှတ်တော်ရုံးနေရာအနီးကို ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်အစည်းအဝေး မကျင်းပခင် ညကတည်းက စစ်သားနဲ့ရဲတွေက လွှတ်တော်ရုံးမှာ လုံခြုံရေးတွေ အပြည့်ချတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပတဲ့နေ့ကဆို အနီးအနားပတ်ဝန်းကျင်မှာ လုံခြုံရေးတွေအများပြားချထားပြီး စစ်ဆေးမှုတွေ လုပ်နေသေးတယ်။ အဲဒီကြားကနေ တိုက်ခိုက်ခံရတာပါ”ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကော်မရှင်တပ်ဘက်က ယနေ့ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် CDF-Hakha Support Team of North America က ထိုတိုက်ခိုက်မှု မြင်ကွင်းများကို ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်လာခဲ့သည်။

အဆိုပါ ထုတ်ပြန်လာသည် ရုပ်သံဖိုင်တွင် ဒရုန်းများ ပစ်မှတ်ကို တိကျစွာ ဦးတည်ပျံသန်းသွားပုံနှင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားပုံများကိုလည်း မြင်တွေ့ရသည်။