‎ဧရာဝတီတိုင်းမ်
‎မတ် ၂၁ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တပ်အပြောင်းအလဲများ ပြုလုပ်၍ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှစ်ခု နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရသဖြင့် နှစ်ဒါဇင်ကျော် သေဆုံးကာ အထိနာသွားကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့တွင် မင်းပြင်နှင့် သိုင်းချောင်ကျေးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ကလည်း အဆိုပါကျေးရွာများအနီးမှာပင် တိုက်ခိုက်ခံရသဖြင့် တပ်ပျက်ကာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

‎”ကျောက်ဖြူမြို့ရဲ့ တောင်ဘက် နေရာအစုံမှာ တိုက်ပွဲတွေကရှိနေတယ်။ စကခ ၅ရဲ့အခြေအနေကတော့ အဖွင့်လှတယ်ပေါ့နော်။ နှစ်ရက်ဆက်တိုက် စစ်ကြောင်းပြုတ်အောင်တိုက်ခံလိုက်ရတယ်ပေါ့” ဟု စစ်ရေးသိရှိသူ ကျောက်ဖြူ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်သည် ကျောက်ဖြူတွင် ရှိနေသည့် တပ်မ (၁၁) ကို ပြန်လည်ခေါ်ယူပြီးနောက်၊ တောင်ကုတ် ဘက်တွင် တပ်ပျက်သွားသည့် စကခ-၅ မှ အင်အား ၄၀၀ ခန့်ကို ကျောက်ဖြူစစ်မျက်နှာသို့ အစားထိုး ပို့ဆောင်ထားခြင်း ဖြစ်သည်။

ထိုသို့ တိုက်ပွဲများတွင် အရေးနိမ့်နေသဖြင့် စစ်ကော်မရှင်က ဒိုးတောင်ကျေးရွာကို မတ်လ ၁၈ ရက်နေ့တွင် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သိုင်းချောင်း၊ မင်းပြင်၊ ချောင်းမြှောင်နှင့် ပျားချိန်ကျေးရွာများတွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် AA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)