ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ အီရန်ဒုံးကျည်စခန်းတွေကို ချေမှုန်း ရာမှာ ဗြိတိန်ရှိ စစ်အခြေစိုက်စခန်းတွေကို အမေရိကန်အား အသုံးပြုခွင့်ပေးဖို့ ဗြိတိန်အစိုးရက သောကြာ နေ့မှာ ခွင့်ပြုချက်ပေးခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးတွေဟာ အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေ။ ဟော်မုဇ်ရေလက်ကြားကို အီရန် က ပိတ်ဆို့ထားတဲ့ကိစ္စရပ်တွေကို သောကြာနေ့မှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေသတွင်း စုပေါင်းခုခံကာကွယ်ရာမှာ ဗြိတိန်ရှိ အခြေစိုက်စခန်းတွေကို အမေရိကန်က အသုံးပြု ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။
အဆိုပါသဘောတူညီချက်မှာ ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အသုံးပြု နေတဲ့ အီရန်ဒုံးကျည်စခန်းတွေရဲ့ စွမ်းဆောင်ရည်တွေကို လျှော့ချပစ်မယ့် အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာဟာ ဗြိတိန်စစ်စခန်းတွေကို အီရန်အပေါ် ကျူးကျော်ဖို့ အသုံးပြုခွင့် ပေးခြင်းဖြင့် ဗြိတိန်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ အီရန်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးသွားမယ်လို့ ၎င်းက ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ဗြိတိန်အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။
အစပိုင်းမှာ အီရန်ကို တိုက်ခိုက်ဖို့ ဗြိတိန်အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ၎င်းက ငြင်းပယ်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းရှိ ဗြိတိန်ရဲ့ မဟာမိတ်တွေကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းရဲ့ သဘောထား ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်အနေနဲ့ RAF Fairford အခြေစိုက်စခန်းနှင့် အိန္ဒိယသမုဒ္ဒရာရှိ အမေရိကန်-ဗြိတိန် ပူးတွဲအခြေစိုက်စခန်းဖြစ်သော ဒီယေဂိုဂါးရှားတို့ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။
ပဋိပက္ခစတင်ကတည်းက သမ္မတ ဒေါ်နယ်ထရမ့်က စတာမာကို အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး ၎င်း အား ကူညီရန် လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိဟု ပြစ်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဒေါ်နယ်ထရမ့်က မိမိကို များစွာစိတ်ပျက်စေသည့် နိုင်ငံအချို့ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ဗြိတိန်နိုင်ငံကို အထူးတလည် ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; UK allows US to use military bases for strikes on Iran over Strait of Hormuz attacks