ဧရာဝတီတိုင်းမ်
မတ် ၂၁ရက်
ဗန်းမော်နှင့် ဝိုင်းမော်အကြားရှိ နယ်မြေအချို့ကို စစ်ကော်မရှင်တပ်များ တန်ပြန်တိုက်စစ်ဆင်လာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်စခန်းထားသည့် အချို့ကိုပါပြန်လည် သိမ်းယူထား ကြောင်း သိရသည်။
ဝိုင်းမော်မြို့နှင့် ၁၈ မိုင်ခန့်အကွာရှိ ကန်ပိုက်တီ-ဝိုင်းမော် ကားလမ်းအနီးမှ ဆဒုံးစခန်းကြီးကို ပြီးခဲ့သည့် တစ်ပတ်ခန့်ကပင် စစ်ကော်မရှင်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ဆဒုံးစခန်းသိမ်းတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က အရာရှိတွေ လူမှုကွန်ရက်မှာ တင်နေ ကြတာတွေ ရှိတယ်။ ဗန်းမော်၊ ဝိုင်းမော်နဲ့ ပူတာအို မြို့နယ်တွေမှာတော့ တိုက်ပွဲတွေ ဆက်ရှိနေတုန်းပဲ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဗန်းမော်နှင့် ဝိုင်းမော်အကြားရှိ အောင်ဂျာ၊ မဒီးယန်နှင့် ဒိန်ဂါ တပ်စခန်းများကိုလည်း စစ်ကော် မရှင်က တန်ပြန်တိုက်စစ်ဆင်လာသည့်အပြင် နန်ဆန်ယန်ကျေးရွာကိုပါ ထိန်းချုပ်လိုက်ကြောင်း သိရသည်။
လက်ရှိတွင် ဗန်းမော်နှင့် နန်ဆန်ယန်အကြားရှိ ဒေါ့ဖုန်းယန်နှင့် ခယားရန်တို့ကိုပါ ထိုးစစ်ဆင်ရန် စစ်ကော် မရှင်က ပြင်ဆင်နေပြီး အဆိုပါနယ်မြေများသည် ဝိုင်းမော်နှင့် ဗန်းမော်ကြား ပြည်ထောင်စုကားလမ်းမ ကြီးကို စိုးမိုးထားသည့် ဗျူဟာမြောက်နေရာများ ဖြစ်သည်။
ဝိုင်းမော်မြို့နယ်ရှိ ခလရ (၅၈) တပ်ရင်းမှ စစ်ကြောင်းထိုးထွက်လာသဖြင့် ဝိုင်းမော်နှင့် ဗန်းမော်အကြားရှိ မှန်ပြတောင်အနီးတွင် KIA နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
ဗန်းမော်မြို့နယ်အတွင်းတွင်လည်း စစ်ကော်မရှင်က နေရာ ၃ ခုထက်မနည်း စစ်ကြောင်းထိုး လှုပ်ရှား လာသဖြင့် KIA နှင့် ခုခံတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ် (ပုံဟောင်း)