‎ဧရာဝတီတိုင်းမ်
‎မတ် ၂၁ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင်က စစ်ကူအင် အားနှင့် ခဲယမ်းမီးကျောက်များ ထပ်မံဖြည့်တင်းကာ တပ်ဖြန့်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့က ဆုံကုန်း အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ -၉၀၅) အတွင်းမှ လက်နက်ကြီးနှင့် ဒရုန်းပစ်ကူများကို အသုံးပြု၍ စစ်ကူအင်အား ၃၀၀ ခန့်နှင့်အတူ ခဲယမ်း၊ ရိက္ခာများကို နတ်ရေကန်ဗျူဟာသို့ ပေးပို့ခဲ့သည်။

 

ထို့ပြင် မတ်လ ဒုတိယပတ်က ပို့လွှတ်ထားသည့် အင်အား ၆၀၀ ခန့်သည်လည်း လမ်းသစ်ဂုတ်ကြီးနှင့် လမ်းဟောင်းပဇီဘက်တွင် တပ်ဖြန့်နေရာယူလာသဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“စစ်ရဲ့သဘောတရားကတော့ အတက်အဆုတ် ရှိပါတယ်။ နတ်ရေကန်ပတ်လည် ခံစစ်ကနေ တိုက်စစ်ပြောင်းသွားရင် ကမြင်းကန်ထိ သိမ်းထားတဲ့ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး တပ်တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားစေနိုင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာကို ပိတ်ဆို့ထားသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ခွန်ဆူရွာအနီးသို့ အနည်းငယ် ဆုတ်ခွာထားသော်လည်း ငဖဲတပ်နယ်ရှိ မစခ (၉၀၅) ဌာနချုပ်နှင့် ပိုမိုနီးကပ်လာကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မစခ (၉၀၅) ဝင်းအတွင်းသို့ AA ဘက်မှ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

လက်ရှိ ‎နတ်ရေကန်ဗျူဟာကို ပိတ်ဆို့ဝိုင်းရံထားသည့် AA နှင့်ပူးပေါင်းတပ်ဖွဲ့များမှာ နတ်ရေကန် အနီးမှနေ၍ ခွန်ဆူရွာအနီးထိ ပြန်လည်ဆုတ်ခွာထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပဇီကျေးရွာဘက်တွင်လည်း နှစ်ဖက်ဒရုန်းများဖြင့် ကင်းထောက်မှုများရှိနေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်ကော်မရှင်ဘက်မှ အထိနာမှုများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)