နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် “ရွေးတုလွှတ်တော်” တစ်ဆင့် အမည်ခံအစိုးရသစ်ဖွဲ့စည်းကာ အာဏာဆုပ်ကိုင်နိုင်ရန် စစ်ကော်မရှင်က စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာကြောင်း တပ်မတော်သား CDM အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကော်မရှင်သည် ခုခံတော်လှန်မှုများကြောင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်လိုစိတ် ကျဆင်းနေမှုကို ဖုံးကွယ်ရန် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက-ပြည်) ကို အဓိကလက်နက်သဖွယ် အသုံးချကာ တော်လှန်ရေးအင်အားစုများကို ဖဲ့ထုတ်စည်းရုံးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
“တော်လှန်ရေးအင်အားစုတွေ၊ PDF တပ်ဖွဲ့ဝင်တွေကို ဖဲ့ထုတ်စည်းရုံးသွားဖို့ စစ်ကော်မရှင်ဘက်က အရှိန်အဟုန်နဲ့ လုပ်လာနေတယ်။ စနစ်တကျကို ဖော်ဆောင်နေတာ တွေ့ရတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် ရွာစဉ်လှည့် စစ်ကြောင်းထိုးရင်း ဖမ်းဆီးခဲ့သူများ၊ ပေါ်တာဆွဲ ဖမ်းဆီးထားသူများနှင့် ဘက်ပြောင်းလက်နက်ချ အညံ့ခံသူတချို့ကို စုပေါင်း၍ ၎င်းတို့အား ခုခံတော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ အလင်းဝင်လာသည်ဟု စစ်ကော်မရှင်က တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်က မန္တလေးတိုင်းအတွင်းရှိ PDF ၅၀၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၌ ခမ်းနားစွာ ကြိုဆိုပွဲ ပြုလုပ်ခဲ့ခြင်းမှာလည်း စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ဆိုသူများထဲတွင် ပြစ်မှုကျူးလွန်၍ စခန်းမှ ထွက်ပြေးသွားသူများနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PDF လူငယ်အချို့ကို ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့်အတူ ပုံမှားရိုက် ထည့်သွင်း ထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
စစ်ကော်မရှင်က ၎င်းတို့ထံ အလင်းဝင်လာသူများသည် လက်နက်မျိုးစုံ ၇၈ လက်၊ လက်ပစ်ဗုံး/ ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးအုပ် ၅ လုံးတို့ကို ယူဆောင်လာ၍ ဆုကြေးငွေ ကျပ်သိန်း ၂၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်းများ ပြန်ပေးအပ်ခဲ့ကြောင်း ဆိုထားသည်။
“စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ အမှောင်ဝင်လာသူတွေကို တခမ်းတနားနဲ့ လုပ်ပြလာတာတွေက သူတို့အတွက် ဆိုးကျိုးတွေရှိတယ်။ ဒီလူတွေက စစ်မှုပြန်ထမ်းရမလား၊ မထမ်းရဘူးလားဆိုတာ စစ်မှုထမ်းနေရတဲ့ လူငယ်တွေက စောင့်ကြည့်မှာပဲ။ ပုံမှားရိုက်မှုတွေလည်း လုပ်လာနိုင်တယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ ကက-ပြည်သည် စိတ်ဓာတ်စစ်ဆင်ရေးကို အဓိကရည်ရွယ်ချက် (၄) ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများအကြား သံသယပွားစေရန်၊ ပြည်သူအတွင်း အကြောက်တရားနှင့် မျှော်လင့်ချက်အတုများ ဖန်တီးရန်၊ တပ်တွင်းစည်းလုံးမှု တည်ဆောက်ရန်နှင့် နိုင်ငံတကာအမြင်ကို လှည့်စားရန်တို့ ဖြစ်ကြောင်း MDSI ထံမှ သိရသည်။
တော်လှန်ရေး အင်အားစုများအကြား သံသယပွားစေရန်နှင့် သပ်လျှိုသွေးခွဲရန်သည် အဖွဲ့အစည်း အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားစေခြင်းဖြင့် စုစည်းအားကို ဖြိုခွဲရန်ရည်ရွယ်ပြီး ပြည်သူအတွင်း အကြောက်တရားနှင့် မျှော်လင့်ချက် အတုများ ဖန်တီးရန်သည် တော်လှန်ရေးအပေါ် ထောက်ခံ အားပေးမှု လျော့ကျစေရန်နှင့် ရှုံးနိမ့်မှုဝါဒ ပျံ့နှံ့လာစေရန်ဖြစ်သည်။
ထို့အတူ စစ်တပ်အတွင်း စည်းလုံးမှု တည်ဆောက်ရန်သည် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအကြား တိုက်ပွဲဝင်လိုစိတ် ကွယ်ပျောက်မသွားစေရန်ဖြစ်ပြီး နိုင်ငံတကာအမြင်ကို လှည့်စားရန်သည် တော်လှန်ရေး အင်အားစုများအပေါ် အထင်အမြင် လွဲမှားစေမည့် သတင်းတု၊ သတင်းမှားများဖြင့် သံတမန်ရေးရာ အသာစီးရယူရန်တို့ဖြစ်သည်။
ထိုအတွက် ရိုးရာဝါဒဖြန့်ချိရေး နည်းလမ်းဖြစ်သည့် ရုပ်သံနှင့် စာစောင်များအပြင် လူမှုမီဒီယာတို့ အသုံးပြု၍ စနစ်တကျ ပြင်ဆင်နေကြောင်း MDSI က ဆိုသည်။
ဓာတ်ပုံ-MOI