ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရဲစခန်းနှင့် စစ်ကော်မရှင်တပ်များ တပ်စွဲထားသည့် နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အထိနာမှုများ ရှိနေကြောင်း သိရသည်။

မိုးကုတ်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် ယမန်နေ့ မတ် ၂၀ ရက်နေ့က ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကော်မရှင်တပ်များ တပ်စွဲထားသည့် ပြည်သူ့ဆေးရုံနှင့် အနောက်ပိုင်းရဲစခန်းတို့မှာ ဒရုန်းဖြင့် တိုက် ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“မိုးကုတ်အနောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ အရှေ့ပိုင်းမှာလည်း ညောင်သုံးပင် ဘက်ကပစ်တဲ့ လက်နက်ကြီးပစ်သံတွေ ဆက်တိုက်ကြားနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် တကောင်းဘက်မှ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာ သည်ဟုဆိုကာ ပြောင်ခေါင်းနယ်မြေတစ်ခုလုံးကို စစ်ဆင်ရေးဧရိယာအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် ကျောက်ဆင်၊ ဘောမား၊ ကြပ်ပြင်နှင့် ရေဦးကြီးဘက်သို့လည်း စစ်ကြောင်းများ ခွဲ၍ ထိုးစစ်ဆင် နေကြောင်း သိရသည်။

အဆိုပါ ထိုးစစ်များတွင် စစ်ကော်မရှင်၏ တပ်မ ၅၅ နှင့် တပ်မ ၃၃ ပူးပေါင်းတပ်များက အရှိန်မြှင့် ဆောင် ရွက်နေခြင်းဖြစ်ပြီး၊ ဘောမားရွာ အနောက်တောင်ဘက်ရှိ ပန်းတော၊ ဆူးပုတ်နှင့် သဲဖြူတောင် ကျေးရွာများကိုလည်း လေကြောင်းမှ ကင်းထောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-စစ်ကော်မရှင်