ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
အီရန်နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးရဲ့ စစ်ရေးအရ ထိုးစစ်ဆင်နွှဲမှုတွေဟာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိစေမယ့် ကမ္ဘာလုံးဆိုင်ရာ ဥပဒေစံနှုန်းတွေကို ဖျက်ဆီးဖို့ ခြိမ်းခြောက်နေတဲ့ စံနမူနာဆိုး တစ်ခု ဖြစ်လာတယ်လို့ အီရန်သမ္မတ မာဆုပီဇက်ရှ်ကီယန်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
“အစ္စရေးရဲ့ သဘောသဘာဝဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု လို အီရန်အပေါ် အမေရိကန်ရဲ့ ကျူးကျော်မှုနဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို လုပ်ကြံသတ်ဖြတ်မှုဟာ နိုင်ငံတကာ အငြင်းပွားမှုတွေမှာ ကမ္ဘာလုံးဆိုင်ရာ ဥပဒေစံနှုန်းတွေကို ပျက်စီးစေမယ့် စံနမူနာသစ်တစ်ခု ဖြစ်လာနေပါတယ်” လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
၎င်းရဲ့ ရေးသားချက်မှာ ဖေဖော်ဝါရီ ၂၈ ရက်က တီဟီရန်မြို့ရှိ နေအိမ်နဲ့ ဦးဆောင်မှုဗဟိုဌာနချုပ် ကို အမေရိကန်-အစ္စရေး ပူးပေါင်းကာ လေကြောင်းမှ တိုက်ခိုက်ခဲ့စဉ် အီရန်ဥသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ရမှုကို ရည်ညွှန်းတာပါ။
“အကယ်၍ ကမ္ဘာကြီးက ဒီလုပ်ရပ်အပေါ် တားဆီးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ဒီစစ်မီးဟာ လူပေါင်း များစွာကို လောင်မြိုက်စေပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်နိုင်ငံကို စစ်ရေးအရ စတင်တိုက်ခိုက် ခဲ့ပြီး ယခုအချိန်အထိ အီရန်အဓိပတိ ခါမေနီ အပါအဝင် လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ရတယ်လို့ သိရပါ တယ်။
အီရန်နိုင်ငံကလည်း အစ္စရေးနိုင်ငံအပြင် အမေရိကန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေရှိရာ ဂျော်ဒန်၊ အီရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ လက်စားချေ တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Iran’s president warns flames from destruction of global legal norms ‘will burn many’