‎ဧရာဝတီတိုင်းမ်
‎မတ် ၂၁ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော်များနှင့် စစ်ဘေးရှောင် ပြည်သူ ၈၀ ခန့် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ကသာမြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် မတ် ၂၀ ရက် နံနက်ပိုင်းက မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် FTC-2000G ဂျက်ဖိုက်တာ နှစ်စင်းသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အမှတ် (၃) ရပ်ကွက်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတွေက မြို့ပေါ်ကို ပတ်ကြဲတာ။ နှစ်စင်းက မဟာလေးထပ်ကျောင်းပေါ်ကို တည့်တည့် လာကြဲတာ။ ဗုံးကြဲချိန်က ကျောင်းကသံဃာတွေ ဆွမ်းစားချိန်ဖြစ်သလို စစ်ရှောင်တွေလည်း အများကြီး ရှိနေတာ။ ကလေးငယ်တွေပါ သေကုန်ကြတယ်” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သမိုင်းဝင် မဟာလေးထပ်ဘုန်းကြီးကျောင်းမှာ မီးလောင်ပြိုပျက်သွားခဲ့ပြီး လမ်းမပေါ်တွင် ပြေးလွှားနေသည့် ပြည်သူအချို့နှင့် အနီးနားရှိ နေအိမ်များပါ ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိတွင် သဖန်းကိုင်း၊ ပန်းပဲကုန်းနှင့် အမှတ် (၃) ရပ်ကွက်တစ်ဝိုက်၌ လမ်းမများပေါ်တွင်ပါ ရုပ်အလောင်းများ လဲကျနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကော်မရှင်သည် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ချိန်ကြုံရတိုင်း ယခုကဲ့သို့ ဘာသာရေးအဆောက် အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်လေ့ရှိသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။