ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

 

စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ယနေ့ မတ် ၂၀ ရက်တွင် ပြုလုပ်သည့် ဧရာဝတီတိုင်း အတု အယောင်ရွေးကောက်မှ ထွက်ပေါ်လာသည့် လွှတ်တော် (ရွေးတုလွှတ်တော်) အတွက် ဥပဒေပြုရေး အကြီးအကဲများအဖြစ် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်အတည်ပြုလိုက်ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် သဘာပတိအဖြစ် လေးမျက်နှာမြို့နယ်မှ ဦးကျော်ဝင်းနိုင်က ဆောင်ရွက်ခဲ့ပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီ၏ တိုင်းဥက္ကဋ္ဌဖြစ်သူ ကျောင်းကုန်းမြို့နယ်မှ ဦးသိန်းထွန်းကို ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့ကြသည်။

ထို့အပြင် တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာအတွက် ကြံ့ခိုင်ရေးပါတီမှ ကန်ကြီးထောင့်မြို့နယ် ကိုယ်စား လှယ် ဦးစောသက်နိုင်ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီမှ ဦးသိန်းလွင်တို့ကို အဆိုပြုခဲ့ကြရာ မဲပေးစနစ်ဖြင့် ရွေးချယ်မှုအရ ဦးစောသက်နိုင်ဦးကပင် အနိုင်ရရှိသွားခဲ့သည်။

 

ထို့ကြောင့် ဧရာဝတီတိုင်း လွှတ်တော်အကြီးအကဲ နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီကပင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကော်မရှင်၏ ဧရာဝတီတိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ၇၂ ဦးရှိရာ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦးတို့က အဓိကနေရာယူထားပြီး၊ တစည၊ ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ ကိုယ်စားလှယ် အနည်းငယ်စီသာ ပါဝင်ကြောင်း သိရသည်။

 

အလားတူ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရွေးတုလွှတ်တော် အကြီးအကဲနေရာများကိုလည်း ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကသာ အများစု ရရှိထားကြသည်။

 

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ လာမည့် မတ် ၃၀ ရက်တွင် အမည်ခံအစိုးရအတွက် သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ်ရန် အစုအဖွဲ့အလိုက် အစည်းအဝေးများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

 

လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်များကို အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့ထားသလို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အဆိုပါ ရွေးတုလွှတ်တော် ကို အသိအမှတ်မပြုဘဲ ကန့်ကွက်ထားကြသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်