ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (UN Special Rapporteur) ရာထူးအတွက် အမေရိကန်နိုင်ငံသူ မစ္စကယ်လီအင်န်ကာရီ (Mrs. Kelley Anne Currie) ကို ခန့်အပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (HRC) က အဆိုပြုထားကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၆၁) ကြိမ်မြောက် ညီလာခံနောက်ဆုံးနေ့ မတ်လ ၃၁ ရက်နေ့တွင် အဆိုပါ ရာထူးအတွက် ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုသွားမည်ဖြစ်ကြောင်း UN က မတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အန်ထရုစ် (Tom Andrews) ကိုမူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရာထူးအတွက် ပြောင်းလဲအဆိုပြုထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အဆိုပြုခံရသူ မစ္စကယ်လီကာရီသည် အမေရိကန် နိုင်ငံ၏ ကမ္ဘာ့အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များ သံအမတ်ကြီးဟောင်းတစ်ဦး ဖြစ်သည်။

သူမသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများနှင့် တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများ အတွက် ကုလသမဂ္ဂနှင့် အမေရိကန် အစိုးရအဆင့်များတွင် နှစ်ပေါင်း ၃၀ ကျော်ကြာ ထိတွေ့ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် အမေရိကန်အောက်လွှတ်တော်တွင် ပြီးခဲ့သည့် ၂၀၂၅ ၊ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် မြန်မာ့အရေး ကြားနာပွဲတွင် မစ္စကယ်လီကာရီသည် အဓိက တင်ပြသူအဖြစ် ပါဝင်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု၏ ကျူးလွန်မှုများနှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးအင်အားစုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ – Wikipedia