‎ဧရာဝတီတိုင်းမ်
‎မတ် ၂၀ ရက်

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကဏ္ဍတွင် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ် ငွေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ဖိတ်ခေါ်နေကြောင်း စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ထုတ်ပြန်သည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်နှင့် ငွေကြေးပေးချေမှုစနစ် ချောမွေ့စေရန်အတွက် အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ယွမ်ငွေ (CNY) ကိုပါ တရားဝင်လက်ခံ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များအတွက်ငွေကြေးလဲလှယ်မှုဆိုင်ရာ အခက်အခဲများ လျော့နည်း ၍ ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများသည် ၎င်းတို့၏ မတည်ငွေရင်း (Capital Investment) ကို တရုတ်ယွမ်ငွေဖြင့် တင်ပြလျှောက်ထားနိုင်ပြီဖြစ်သည်။

 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့်သူက မတည်ငွေရင်းများကို ဒေါ်လာ ( သို့) ယွမ်ငွေဖြင့်ဖြစ်စေ ယူဆောင်လာပါက နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် (AD) လိုင်စင်ရဘဏ်များမှ တစ်ဆင့် တရားဝင်လွှဲပြောင်းပေးချေနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်သည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ် ၁၅ ရက်တွင် အမေရိကန် ဒေါ်လာ ၄၁ သန်းကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၃၅ ခုကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၅,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့် ဒေသပေါင်း ၅၃ ခုရှိသည့်အနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများက စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း MIC ထံမှ သိရသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေး၊ အင်တာနက်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း အများအပြား အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများ ပြည်တွင်းမှ ထွက်ခွာသွားခဲ့ကြပြီးနောက်၊ စစ်ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်