နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

 

မကြာမီ ဖွဲ့စည်းမည့် အမည်ခံအစိုးရသစ်တွင် သမ္မတရာထူးရယူရန် ရည်ရွယ်ထားသော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) နေရာတွင် အစားထိုးမည့်သူများကို နေပြည်တော်သို့ ရောက်ရှိလာသည့် ထိုင်းတပ်ချုပ်နှင့် တွေ့ဆုံမိတ်ဆက် ပေးခဲ့ကြောင်း သိရသည်။

 

စစ်ခေါင်းဆောင်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုခရစ် ဘွန်းတန်နွန်း ဗိုလ်ချုပ်ကြီး ဥခရစ် ဘွန်းတနွန်ဒါ(Ukris Boontanondha) နှင့်ကိုယ်စားလှယ်အဖွဲ့ကို မတ် ၁၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကိစ္စ အပါအဝင် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံမှုသည် အာဏာသိမ်းစစ်အုပ်စုက ဖော်ဆောင်နေသည့် ရွေးတုလွှတ်တော်များ ရွေးချယ်နေချိန်နှင့် တိုက်ဆိုင်နေပြီး စစ်ခေါင်းဆောင်က တပ်ချုပ်ရာထူးမှ အနားမယူမီ အိမ်နီးချင်း နိုင်ငံများအား လိုက်လံနှုတ်ဆက်ကာ လူသစ်မိတ်ဆက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

 

စစ်ခေါင်းဆောင်သည် လုပ်သက် ၁၅ နှစ်ရှိပြီဖြစ်သော ၎င်း၏ တပ်ချုပ်ရာထူးကို လွှဲပြောင်းပေးရန် စီစဉ်နေပြီး လက်ရှိတွင် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့မှာ တပ်ချုပ်သစ်အဖြစ် ရေပန်းစားလျက်ရှိသည်။

 

ထိုင်းတပ်ချုပ်နှင့်တွေ့ဆုံပွဲသို့ တပ်ချုပ်နေရာ ဆက်ခံနိုင်ဖွယ်ရှိသည့် အဆိုပါ ထိပ်ပိုင်းအရာရှိ ၃ ဦးစလုံး တက်ရောက်ခဲ့ကြပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးတို့ကို ထည့်သွင်းဆွေးနွေး ခဲ့ကြသည်။

“မင်းအောင်လှိုင် ကာချုပ်က ထွက်အပြီးမှာ နောက်လူနဲ့ မိတ်ဆက်ချင်တာလည်း ပါပါလိမ့်မယ်။ သိပ်မထူးဘူး ထင်တယ်။ နယ်စပ်လမ်းဖွင့်ဖို့က အစိုးရသစ်(အမည်ခံအစိုးရ)ပြီး နောက်ပိုင်းမှ ဖြစ်နိုင် မယ်” ဟု မြန်မာ့အရေး အကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ဒေသအများစုကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားပြီး စစ်ကော်မရှင်နှင့် တိုက်ပွဲများ ပြင်းထန်နေသဖြင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားရခြင်းနှင့် နယ်စပ်မီးခိုးမြူငွေ့ ပြဿနာတို့မှာ ထိုင်းနိုင်ငံအတွက် အရေးပါသည့် အခြေအနေဖြစ်နေသည်။

 

စစ်ခေါင်းဆောင်များနှင့် ထိုင်းတပ်ချုပ်တို့ တွေ့ဆုံမှုတွင် နှစ်ဖက်ရွေးကောက်ပွဲ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး တပ်ချုပ်သစ်ဖြစ်ရန် ရေပန်းစားနေသူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကလည်း ထိုင်းကိုယ်စားလှယ်အဖွဲ့ကို သီးခြားတွေ့ဆုံ၍ ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MOI