ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
စစ်ကော်မရှင်က စက်သုံးဆီ ၄၀ ရက်စာ ဖူလုံမှုရှိကြောင်း ထုတ်ဖော်ပြောဆိုကာ စက်သုံးဆီ ချွေတာရေး နည်းလမ်းများ သတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်း၌ ဆီဈေးနှုန်းများမှာ ၁၇ ရက်တာအတွင်း တစ်လီ တာလျှင် ကျပ် ၂,၀၀၀ နီးပါးအထိ ခုန်တက်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်မှ ယနေ့ ၂၀ ရက်အတွင်း ပရီမီယံဒီဇယ်ဈေးမှာ ၁,၉၇၅ ကျပ် (ကျပ် ၂,၀၀၀ နီးပါး) နှင့် ဒီဇယ်ဈေးမှာ ၁,၈၂၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။ စက်သုံးဆီဈေးနှုန်းသည် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် မြင့်တက်နေပြီး အပတ်စဉ် သောကြာနေ့နှင့် အင်္ဂါနေ့တိုင်း ဈေးနှုန်း အပြောင်းအလဲ ရှိနေကြောင်း သိရသည်။
ယနေ့ ထုတ်ပြန်သည့် စက်သုံးဆီသတ်မှတ်ဈေးများတွင် ၉၂ တစ်လီတာ ကျပ် ၃,၆၁၀ ၊ ၉၅ တစ်လီတာ ကျပ် ၃,၈၅၀ ၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၄,၈၂၀ နှင့် ဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်အထိရှိလာ၍ ယခင်တစ်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်သွားကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင် ၉၂ တစ်လီတာ ၂,၄၁၅ ကျပ်၊ ၉၅ တစ်လီတာ ၂,၄၈၀ ကျပ်၊ ပရီမီယံဒီဇယ် ၂,၈၄၅ ကျပ်၊ ဒီဇယ် ၂,၅၆၅ ကျပ်ရှိ၍၁၇ ရက်အတွင်း စက်သုံးဆီတစ်လီတာလျှင် ၁,၀၀၀ မှ ၂,၀၀၀ နီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်က စက်သုံးဆီ ရက် ၄၀ စာရှိနေကြောင်း ပြီးခဲ့သည့် မတ် ၃ ရက်နေ့ ထုတ်ဖော်ပြောကြား ခဲ့သော်လည်း ၎င်းတို့၏ စက်သုံးဆီဖူလုံစွာရှိကြောင်းပြောဆိုမှုကို သံသယဝင်မိကြောင်း ရန်ကုန် မြို့ခံတစ်ဦးက ဆိုသည်။
“ဆီက ဝယ်လို့ရသေးပေမဲ့ ညနေဆို ကုန်နေတဲ့ဆိုင်တွေများတယ်။ ကားတစ်စီးကို ဆီတစ်ခါပဲ ထည့်လို့ ရတော့ ရှိတဲ့ဆိုင် လိုက်ရှာထည့်လို့ မရတော့ဘူး။ ရှိရင်မောင်း၊ မရှိရင် မမောင်းတော့ဘူး” ဟု ရန်ကုန်မြို့မှ ဆယ်နှစ်ကျော် ယာဉ်မောင်းသက်တမ်းရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စက်သုံးဆီကို တစ်နေ့လျှင် တစ်ကြိမ်သာ ဖြည့်တင်းခွင့်ရသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်နေပြီး ကုန်ဈေးနှုန်းများလည်း စတင်၍ လိုက်ပါမြင့်တက်လာနေသည်။
စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မော်တော်ယာဉ်များကို စုံ/မ စနစ်ဖြင့် မောင်းနှင်ရန်နှင့် ဆီလက်ကျန် ရက် ၄၀ ခန့်ရှိကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင် ဆီရရှိရန် ခက်ခဲနေဆဲဖြစ်သည်။
“ အိမ်ကသားက ကုန်ကားမောင်းတာ။ ကုန်တွေခေါက်တုံ့ခေါက်ပြန်ဆိုတော့ ဆီက မလောက်ဘူး။ ကုန်ကားဆိုတော့ တစ်သိန်းခွဲအထိထည့်လို့ရတယ်။ ဒါပေမဲ့မလာက်ဘူး။ မလောက်တော့ တစ်စီးရပ် ထားပြီးတစ်စီးမောင်းတယ်။ အဲဒီလိုလုပ်နေရတယ်” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ဆီတင်သင်္ဘောများ ဆိုက်ကပ်လာမည်ဟု ထုတ်ပြန်ထားသော်လည်း အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား စစ်ပွဲအရှိန် မြင့်တက်လာမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုနှင့်အတူ ကမ္ဘာ့နိုင်ငံအများအပြားတွင် စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရသည်။
ပြည်တွင်း၌လည်း စက်သုံးဆီ အကျပ်အတည်းကြောင့် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများပါ ရပ်တန့်မည့်အခြေအနေသို့ ဆိုက်ရောက်လာနေသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက် ၊ ဧရာဝတီတိုင်းမ်