ဧရာ၀တီတိုင်းမ်
မတ် ၂၀ ရက်

ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းရှိ ရေမြောင်းတစ်ခုအတွင်း သေဆုံးလျက် တွေ့ရှိရသူမှာ ဗြိတိန်နိုင်ငံသား Reality TV ကြယ်ပွင့် ဂျော်ဒန်ရိုက် (Jordan Wright) ဖြစ်ကြောင်း အာဏာပိုင်များက ယနေ့ မတ် ၂၀ ရက် တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂျော်ဒန်ရိုက်ကို ပြီးခဲ့သည့်အပတ်က ပျောက်ဆုံးနေကြောင်း တိုင်ကြားထား ခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့တွင် ဘန်တောင်း (Bang Tao) ကမ်းခြေအနီးရှိ ရေမြောင်းတစ်ခု အတွင်း၌ ဒေသခံ ရွှေ့ပြောင်းလုပ်သားတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ယနေ့ နံနက်ပိုင်းတွင်မှ အာဏာပိုင်များက အတည်ပြု နိုင်ခဲ့ခြင်းဖြစ်သည်။

ဂျော်ဒန်ရိုက် တည်းခိုရာ ဟိုတယ်ဝန်ထမ်းများက ၎င်းနှင့် ဆက်သွယ်၍မရတော့ကြောင်း သတင်းပေးပို့ ခဲ့ပြီးနောက် ပျောက်ဆုံးသူအဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သူတည်းခိုနေသည့် အခန်းကို စစ်ဆေးရာတွင်လည်း ကျူးကျော်ဝင်ရောက်ခြင်းနှင့် ရုန်းရင်းဆန်းခတ်ဖြစ်ထားသည့် အထောက်အထား များ တွေ့ရှိရခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဟိုတယ်မှတ်တမ်းများအရ ဂျော်ဒန်ရိုက်သည် တစ်ဦးတည်း လာရောက်တည်းခိုခြင်းဖြစ်ပြီး ပြီးခဲ့သည့် သောကြာနေ့တွင် ဟိုတယ်မှ ပြန်လည်ထွက်ခွာရန် (Check-out) ပြုလုပ်ရမည်ဖြစ်သော်လည်း ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းတွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရသည့် လက္ခဏာများ မတွေ့ရှိရဘဲ ၎င်း၏ အခန်းသော့ကတ်နှင့် လက်ကိုင်ဖုန်းတို့ကိုလည်း ရုပ်အလောင်းအနီးမှာပင် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျော်ဒန်ရိုက်၏ မိသားစုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်နေပြီး ထိုင်းအာဏာပိုင်များနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဂျော်ဒန်ရိုက်သည် ဗြိတိန်နိုင်ငံ၏ နာမည်ကြီး Reality အစီအစဉ်များဖြစ်သော “The Only Way Is Essex (Towie)” နှင့် “Ex on the Beach” တို့တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ဂျော်ဒန်ရိုက်သည် မသေဆုံးမီ ရက်သတ္တ ပတ်များအတွင်းက ဖူးခက်တွင် ရေငုပ်ခြင်းနှင့် ဆိုင်ကယ်စီးခြင်းစသည့် လှုပ်ရှားမှုများကို ၎င်း၏ လူမှုကွန်ရက်တွင် ဝေမျှခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-ဘန်ကောက်ပို့စ်

Ref;British reality TV star found dead in Phuket