ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

 

အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်သည့် ရွေးတုလွှတ်တော် အစည်းအဝေးများတွင် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့အတွက် လွှတ်တော်ဥက္ကဋ္ဌများအဖြစ် ယခင် ဝန်ကြီးဟောင်းများကို ပြန်လည်ရွေးချယ် တာဝန်ပေးလိုက်ကြောင်း သိရသည်။

 

ယနေ့ မတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည့် ရန်ကုန်တိုင်း ရွေးတုလွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ သာကေတမြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဌေးအောင်ကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ် ဦးကျော်ကျော်စိုး တို့ကို လည်းကောင်း ရွေးချယ်အတည်ပြုခဲ့ကြသည်။

 

ရန်ကုန်တိုင်း ရွေးတုလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ဦးဌေးအောင်သည် အာဏာသိမ်းစစ်အုပ်စု၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော် ကျော်စိုးသည်လည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို တပ်မတော် သား ကိုယ်စားလှယ်အဖြစ်လည်း လုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။

အလားတူ မန္တလေးတိုင်း ရွေးတုလွှတ်တော် အစည်းအဝေးတွင်လည်း ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့် တို့ကို နေရာပေးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းဒေသကြီးအဆင့် ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြသည်။

 

မန္တလေးတိုင်း ရွေးတုလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး (မိတ္ထီလာ-၁) သည် ဦးသိန်းစိန်အစိုးရ လက်ထက်က မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့် (ရမည်းသင်း-၁) သည်လည်း လျှပ်စစ်စွမ်းအားနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

 

အာဏာသိမ်းစစ်အုပ်စုက ဖော်ဆောင်သည့် ရွေးတုလွှတ်တော် များတွင် အဓိက တိုင်းဒေသကြီး လွှတ်တော်အသီးသီး၌ စစ်အစိုးရအဆက်ဆက်မှ ဝန်ကြီးဟောင်းများ၊ စစ်တပ်မှထိပ်ပိုင်းအရာရှိနှင့် အရာရှိဟောင်းများကို နေရာပေးကာ ခြေကုပ်ယူလာခြင်းဖြစ်သည်။