ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား ယာယီအပစ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း MNDAA ဘက်မှ နယ်မြေအချို့ကို သိမ်းယူရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

 

ယမန်နေ့ မတ်လ ၁၈ ရက် ညပိုင်းတွင် TNLA နှင့် MNDAA တို့အကြား ယာယီအပစ်ရပ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး MNDAA ဘက်က နမ့်ခမ်း၊ နမ္မတူနှင့် မိုင်းလုံ စသည့်နယ်မြေများကို သိမ်းယူမည်ဟု ပြောဆိုထားကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

“အပစ်ရပ်ထားဖို့ သဘောတူညီမှုရတာပါ။ ဒါပေမဲ့ နယ်မြေအချို့ကို တောင်းထားတာတွေ ရှိတယ်။ တောင်းဆိုတာတွေက တော်တော်များတယ်။ အခု ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာ KIA ရဲ့ ဂိတ်တွေလည်း မရှိတော့ဘူး။ ချင်းရွှေဟော်ဂိတ်ဘက်မှာလည်း ဂိတ်ကြေးတွေ တိုးကောက်နေတာတွေ ရှိတယ်” ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယာယီအပစ်ရပ်စဲမှုကို နှစ်ဖက်တပ်များထံ ညွှန်ကြားထားပြီးဖြစ်သော်လည်း TNLA တပ်ဖွဲ့ဝင်အချို့ကို MNDAA ဘက်မှ လက်နက်ဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

MNDAA သည် TNLA တပ်များကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ကွတ်ခိုင်မြို့မှ ဆုတ်ခွာပေးရန် ရာဇသံပေး ညွှန်ကြားခဲ့ပြီးနောက မတ်လ ၁၄ ရက်နေ့တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

MNDAA သည် စစ်ကြောင်း လေးကြောင်းခွဲကာ ကွတ်ခိုင်မြို့သို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် TNLA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းနှင့် လက်နက်ဖြုတ်သိမ်းခြင်းများကိုပါ ပြုလုပ်ခဲ့သည်။

 

အဆိုပါ စစ်ရေးလှုပ်ရှားမှုတွင် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ရန် ဝတပ်ဖွဲ့ (UWSA) ကလည်း ထရပ်ကားကြီး ၁၄ စီး၊ ကားငယ်သုံး စီးတို့ဖြင့် လားရှိုးလမ်းအတိုင်း ချီတက်ပူးပေါင်းခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

 

လက်ရှိတွင် အဆိုပါ အပစ်ရပ်သဘောတူညီမှု ရရှိနိုင်ရန်အတွက် ရက္ခိုင့်တပ်တော် (AA) မှ ခေါင်းဆောင် ပိုင်းများက ဝင်ရောက်ညှိနှိုင်းပေးနေပြီး နယ်မြေတောင်းဆိုမှုနှင့် အခြားသော အငြင်းပွားဖွယ် ကိစ္စရပ် များအတွက် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပုံစာ-MNDAA တပ်ဖွဲ့ဝင်များ