ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်းပဋိပက္ခများသည် သက်ဆိုင်သူများ၏ ပညာရေး အားနည်းမှုကြောင့်ဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ကျူးလွန်မှုများကို ဖုံးကွယ်၍ ပြည်သူကို ထပ်မံအပြစ်တင် ပြောဆိုလိုက်သည်။
စစ်ခေါင်းဆောင်က ယနေ့ မတ် ၁၉ ရက်တွင် ကျရောက်သော (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ဝါဒဖြန့် ထုတ်ပြန်ချက်အရ သိရသည်။
“ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှု အားနည်းချက် ဟာ သက်ဆိုင်သူတွေရဲ့ ပညာရေးအားနည်းမှုတွေကြောင့် ဖြစ်တယ်ဆိုတာ သုံးသပ်နိုင်တယ်။ အသိပညာ အားနည်းရင် သွေးထိုးလှုံ့ဆော်မှုတွေအပေါ် စဉ်းစားတွေးခေါ် ဆင်ခြင်မှုတွေ မရှိဘူး” ဟု စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် စွပ်စွဲဖော်ပြထားသည်။
သို့သော်လည်း လက်တွေ့မြေပြင်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်များသည် အရပ် သားများကို ပစ်မှတ်ထား၍ စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို အစဉ်တစိုက် ကျူးလွန်လျက်ရှိသည်။
စစ်အုပ်စု၏ အာဏာသိမ်းမှု ၅ နှစ်တာအတွင်း နိုင်ငံ၏ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ကဏ္ဍများအားလုံး နိမ့်ကျပျက်စီးသွားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ ဒုစရိုက်လုပ်ငန်းများ ပေါများ လာမှုနှင့်အတူ လူထုမှာ အငတ်ဘေးနှင့်ရင်ဆိုင်နေရပြီး ဆင်းရဲဒုက္ခများနှင့် ကြုံတွေနေကြောင်း သိရသည်။
“လူငယ်လူရွယ်တွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်တွေ ရရှိပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ်နဲ့ တိုင်းပြည်ရဲ့ဂုဏ်ကို မြှင့်တင်လိုစိတ်တွေ ဖြစ်ပေါ်စေရေး အတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ဖို့ လိုအပ်တယ်” ဟု စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် အာဏာသိမ်းစစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားမှာ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးကာ ပြည်ပသို့ ထွက်ခွာတိမ်းရှောင်ခြင်း သို့မဟုတ် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခြင်းများလုပ်ဆောင်လာကြောင်း သိရသည်။
သို့သော်လည်း စစ်ခေါင်းဆောင်ကမူ ၎င်းတို့၏ အကြမ်းဖက်မှုများကြောင့် တိုင်းပြည်ပျက်စီး နေရသည်ကို ဝန်ခံခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် တော်လှန်ရေး အင်အားစုများကိုသာ အစဉ်တစိုက် အပြစ်တင်လေ့ရှိသည်။
စစ်အုပ်စုလက်အောက်ခံ ရန်ကုန်တက္ကသိုလ်သည် စစ်ခေါင်းဆောင်၏ ယင်းအခြေအနေကိုပင် စီမံခန့် ခွဲမှု ကျွမ်းကျင်သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ပေးအပ်ခဲ့သည်။
စစ်ခေါင်းဆောင်သည် ထို့သို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ ရရှိပြီး နောက်ပိုင်းတွင် ပညာရေး ကဏ္ဍအပေါ် ထိန်းချုပ်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင် လာခြင်း ဖြစ်သည်။
ဓာတ်ပုံ – MOI