ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
တောင်ကိုရီးယားအစိုးရနဲ့ ဆက်နွှယ်နေတဲ့ သုတေသနအဖွဲ့တစ်ခုရဲ့ ထုတ်ပြန်ချက်အရ မြောက် ကိုရီးယားနိုင်ငံဟာ ရုရှားနိုင်ငံထံ စစ်ရေးအကူအညီတွေ ပေးအပ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလီယံအထိ ဝင်ငွေရရှိနိုင်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) လက်အောက်ရှိ အမျိုးသားလုံခြုံရေး မဟာဗျူဟာတက္ကသိုလ် (INSS) က ယခုလအတွင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့တာပါ။
အဆိုပါ အစီရင်ခံစာမှာ ယူကရိန်းအား ရုရှားက ကျူးကျော်တိုက်ခိုက်စဉ် နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် မြောက်ကိုရီးယားက ဝင်ငွေမည်မျှအထိ ရရှိနိုင်တာကို ခန့်မှန်းဖော်ပြထားပါ တယ်။
မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ရုရှားနိုင်ငံသို့ စစ်သည်အင်အား ၂၁,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး ယင်းကဲ့သို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုမှ ရရှိတဲ့ ခန့်မှန်းဝင်ငွေ မှာ ဒေါ်လာ ၆၂၀ သန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ သုတေသနအဖွဲ့ရဲ့ ခန့်မှန်းချက်အရ မြောက်ကိုရီးယားဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ပြီးခဲ့ တဲ့ ဒီဇင်ဘာလအထိ ရုရှားသို့ လက်နက်များ တင်ပို့ရောင်းချမှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ ဘီလီယံနီးပါး ဝင်ငွေရရှိနိုင်တယ်လို့ သိရပါတယ်။
အစီရင်ခံစာများအရ ထိုလက်နက်တွေထဲမှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များနှင့် ရော့ကတ်များ ပါဝင်ပါတယ်။ အစီရင်ခံစာအရ စုစုပေါင်း ဝင်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလီယံခန့် ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားက အဆိုပါ ငွေကြေးပမာဏ၏ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိ သေးကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် ယင်းကဲ့သို့သော ဝင်ငွေများဟာ မြောက်ကိုရီးယားအ ပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေရဲ့ ထိရောက်မှုကို လျော့နည်းသွားစေနိုင်ကြောင်း သတိပေးထားပါတယ်။
ရုရှားအနေနဲ့ လက်နက်နဲ့ တပ်ဖွဲ့ဝင်များပေးပို့မှုအတွက် အပြန်အလှန် အကျိုးအမြတ် အဖြစ် စစ် ဘက်ဆိုင်ရာ နည်းပညာတွေကို မြောက်ကိုရီးယားသို့ ပေးအပ်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကိုးကား – NHK
Ref; North Korea may have earned $14.4 bil. from military support to Russia