ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၅၀၀ ကျော် အလင်းဝင် ရောက်လာသည့် အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၌ ကြိုဆိုပွဲပြုလုပ်ပေးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ဝါဒဖြန့်လာသော်လည်း အဆိုပါလူငယ်အများစုမှာ စစ်ကြောင်း ထိုးစဉ် ဖမ်းဆီးခံရသူများနှင့် ပေါ်တာဆွဲခံရသူများသာဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
အလယ်ပိုင်းတိုင်းအတွင်းရှိ PDF ၊ တအာင်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၆ ဦး (အမျိုးသား ၄၅၃ ဦး၊ အမျိုးသမီး ၅၃ ဦး) သည် လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆၀၀၀ ကျော်နှင့်အတူ အလင်းဝင်ရောက်လာပြီး ၎င်းတို့ကို မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် စစ်ဌာနချုပ် တာဝန်ရှိ သူများက လက်ခံကြိုဆိုပွဲပြုလုပ်ခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သို့သော်လည်း ထိုသို့ အလင်းဝင်ရောက်လာသည်ဟု ဆိုသူများတွင် စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း ရွာစဉ်လှည့်စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်အများစု ပါဝင်နေကြောင်း သိရသည်။
“PDF တွေမပါဘူးမဟုတ်ဘူး ပါတယ်။ ဆယ်ဂဏန်းလောက်ဆိုရင် ဟုတ်တယ်။ အခုဟာက ရွာစဉ်လှည့် ဖမ်းခေါ်သွားတဲ့သူတွေ ရွာတွေထဲက လူငယ်အကုန် စည်းရုံးပြီးခေါ်သွားတဲ့သူတွေ သက်သက်ဝါဒ ဖြန့်တာ။ စစ်သားတွေပါ ထည့်ထားခိုင်းထားတယ်လို့ သိရတယ်။ အဲ့မှာပါတဲ့ ကလေးတွေကိုကြည့်ရတာ စစ်ပုံကျနေတာတွေ့ရတယ်”ဟု စစ်ကိုင်းတိုင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များ၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PDF အချို့၊ စခန်းမှ ထွက်ပြေးသွားသူများအပါအဝင် စစ်တပ်နှင့် ပူးပေါင်းသွားသူ အနည်းငယ်ကို စုပေါင်း၍ “လက်နက်ချ အလင်းဝင်လာသူများ” အဖြစ် ပုံဖော်လိမ်လည်နေခြင်းဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ထောက်ပြထားသည်။
စစ်တပ်နှင့် နီးစပ်သူများအပါအဝင် စစ်တပ်ထောက်ခံမီဒီယာများကမူ ယခုအလင်းဝင်ရောက်လာသူ များသည် သပိတ်ကျင်း၊ မိုးကုတ်နှင့် တကောင်းတိုက်ပွဲများအတွင်းမှ ပူးပေါင်းလာသူများဖြစ်သည်ဟု ဝါဒဖြန့် ရေးသားထားသည်။
ပုံစာ-စစ်ကော်မရှင်က အလင်းဝင်ရောက်လာဟု ဝါဒဖြန့်ထားသည့် လူငယ်များကို တွေ့ရစဉ်။