‎ဧရာဝတီတိုင်းမ်
‎မတ် ၁၉ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် တစ်နှစ်ကျော်ကြာမြင့်လာသည်အထိ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး ခံစစ်အသေဖြင့် ခုခံနေရသည့် စစ်ကော်မရှင်တပ်က ဗန်းမော်မြို့နယ်အတွင်းရှိ နေရာအချို့သို့ စစ်ကြောင်းပြန်ထိုးရန် ကြိုးပမ်းလာကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ဗန်းမော် ၃ မိုင်၊ ဟန်တဲဘက်နှင့် ၂ မိုင် အောင်သာရပ်ကွက်တို့တွင် စစ်ကြောင်း ပြန်ထိုးလာသဖြင့် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့အထိ ခုခံစစ် လေးကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”လှုပ်ရှားခံစစ်ပုံစံပြောင်းပြီး စစ်တပ်ဘက်က ပြန်တိုက်လာတဲ့အနေအထားပေါ့နော်။ MI-17 ပစ်ချခံရတာကလည်း သူတို့အရာရှိကို လာကယ်တာမဟုတ်ဘူး။ စစ်ကူပို့ရင်း လမ်းကြုံခေါ်တင်တာ စိတ်ဓာတ်မြှင့်တင်ဖို့ လာကယ်တယ် ဘာညာသတင်းလွှင့်တာ။ အခုရက်ပိုင်းတိုက်ပွဲ နေ့တိုင်းလို ဖြစ်နေပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ယခု ရက်သတ္တပတ်အတွင်း ဗန်းမော်အပါအဝင် ဖားကန့်၊ ဝိုင်းမော်နှင့် ပူတာအို မြို့နယ်တို့ရှိ ကချင်လွတ်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လေကြောင်းမှ ၆၉ ကြိမ်၊ ဒရုန်းဖြင့် ၃၈ ကြိမ်နှင့် လက်နက်ကြီး ၇၃၀ ကြိမ်အထိ အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ဗန်းမော်ရှိ စစ်ကော်မရှင်တပ်များသည် တပ်ရင်းအချင်းချင်း ချိတ်ဆက်နိုင်သည့် လမ်းကြောင်းမှလွဲ၍ ကျန်ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံထားရသဖြင့် လေကြောင်းမှတစ်ဆင့် စစ်ကူ၊ ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေရသည်။ ထို့ပြင် ရွှေကူဘက်မှနေ၍လည်း စစ်ကူလမ်းကြောင်း ပွင့်လာစေရန် ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

 

တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေပြီး၊ စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် နည်းဗျူဟာမှူးအဆင့်ရှိသူများပါ သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင် (ပုံဟောင်း)