ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

 

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) သည် လေယာဉ်ဆီ (Jet A1) ရရှိမှု အကန့်အသတ် ရှိနေခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများကြောင့် ခရီးသည်များ အပိုအလေးချိန် (Excess Baggage) ဝယ်ယူခွင့်ကို ယနေ့ မတ်လ ၁၉ ရက်နေ့မှ စတင်ကာ ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

 

လက်ရှိ ဖြစ်ပေါ်နေသော လေယာဉ်ဆီ ပြတ်လပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက် များကြောင့် Sky Smile (Ruby & Diamond) အဖွဲ့ဝင်များ၏ အလေးချိန်အပို ခံစားခွင့်များကိုလည်း ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်း၏ ခရီးစဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရန်အတွက် ယခုကဲ့သို့ ခရီးဆောင်အိတ် အလေးချိန်ကို ကန့်သတ်ရခြင်းဖြစ်ပြီး စက်သုံးဆီ အခက်အခဲရှိနေသည့် ကာလ အတွင်း ခရီးစဉ်အားလုံးအတွက် ခရီးသည်တစ်ဦးလျှင် အပိုအလေးချိန် (Excess Baggage) ကို အများဆုံး ၁၀ ကီလိုဂရမ်အထိသာ ဝယ်ယူခွင့်ပြုတော့မည်ဟု ဆိုသည်။

 

လေကြောင်းလိုင်းအနေဖြင့် ယခုကဲ့သို့ အလေးချိန်လျှော့ချခြင်းသည် လေယာဉ်ဆီရရှိမှု အခြေအနေ ပေါ်မူတည်၍ ပျံသန်းမှုလုပ်ငန်းစဉ်များ ချောမွေ့စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ခရီးသည်များအပေါ် အဆင်မပြေမှုများအတွက် တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရခြင်းနှင့်အတူ ရေနံရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေသည်။ အဆိုပါ ဖြစ်စဉ်၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့လေကြောင်းလိုင်းအချို့တွင် ခရီးစဉ်များ ရပ်နားခြင်းနှင့် လျော့နည်းပြေးဆွဲခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။”

 

ဓာတ်ပုံ – MAI