ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

 

စစ်ကော်မရှင်သည် နေပြည်တော်တွင် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ‘ရွေးတု လွှတ်တော်’ ကျင်းပနေသော်လည်း မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်ပြဌာန်းလိုက်ပြီး၊ နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့်ယှက်သူဟု ယူဆရသူ မည်သူ့ကိုမဆို နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရန် ငြင်းပယ်ခွင့်ရှိကြောင်း ထည့်သွင်း သတ်မှတ်လိုက်သည်။

 

စစ်ကော်မရှင်သည် နေပြည်တော်တွင် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် “ရွေးတုလွှတ်တော်” ကျင်းပနေသော်လည်း မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ယမန်နေ့ မတ် ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြဌာန်းခဲ့သည်။

အဆိုပါ ဥပဒေသစ် ပုဒ်မ ၂၉ တွင် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို နှောင့်ယှက် ဖျက်ဆီးနိုင်သည်ဟု ယူဆရသူ မည်သူ့ကိုမဆို နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရန် ငြင်းပယ် ခွင့်ရှိသည်ဟု ထည့်သွင်းသတ်မှတ်ထားသည်။

 

ထိုသို့လုပ်ဆောင်ခြင်းမှာ စစ်ကော်မရှင်အား ဝေဖန်ဆန့်ကျင်သူများကို တံဆိပ်ကပ်၍ ခရီးသွားလာခွင့် ပိတ်ပင်ရန် သို့မဟုတ် ပြည်ပတွင် နိုင်ငံမဲ့ဖြစ်စေရန် ရည်ရွယ်သည့် ‘လက်နက်သဖွယ်’ အသုံးချနိုင် သော ပြဌာန်းချက်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

 

ထို့ပြင် ပုဒ်မ ၄၀၁ ဖြင့် သတ်မှတ်ကာလ မပြည့်သေးသူများနှင့် ပြည်ပနိုင်ငံများ၏ တည်ဆဲဥပဒေကို လိုက်နာရန် ပျက်ကွက်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခံရသူများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမည်မဟုတ်ကြောင်း ပါရှိသည်။

ယခုဥပဒေအရ UID စနစ်ကို အခြေခံသည့် အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် (E-Passport) စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် ပတ်စပို့များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် နိုင်ငံသားအဖြစ်မှ ရပ်စဲခံရခြင်းများရှိပါက ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက် သွားမည်ဖြစ်သည်။

 

ပတ်စပို့ ပျောက်ဆုံး၍ အသစ်လျှောက်ထားသူများသည် သတင်းစာတွင် ပျောက်ဆုံးကြောင်း ကြော်ငြာ ရမည့်အပြင် ၆ လပြည့်မှသာ သက်ဆိုင်ရာအထောက် အထားများဖြင့် ဒဏ်ကြေးငွေပေးကာ ပြန်လည် လျှောက်ထားနိုင်မည်ဖြစ်သည်။

 

ထို့ပြင် နိုင်ငံကူးလက်မှတ်ကို အချက်အလက် ပြင်ဆင်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်းနှင့် ပေါင်နှံ ခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ငါးသိန်းမှ ၁၀ သိန်းအထိ ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ယခုဥပဒေသစ် သည် ၁၉၂၀ ပြည့်နှစ်ကတည်းက အသုံးပြုခဲ့သော မြန်မာနိုင်ငံကူးလက်မှတ် အက်ဥပဒေကို ရုပ်သိမ်းကာ အစားထိုးလိုက်ခြင်း ဖြစ်သည်။

 

ယခုပြဌာန်းသည့် နိုင်ငံကူးလက်မှတ်ဥပဒေသည် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် CDM ဝန်ထမ်းများအပေါ် ဖိအားပေးရန်အတွက် စစ်ကော်မရှင်က နည်းလမ်းသစ်ဖြင့် ကြိုးပမ်းခြင်း ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်