ဧရာဝတီတိုင်းမ်
‎မတ် ၁၈ ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကော်မရှင်၏ လေကြောင်းရန်ကာကွယ်ရေးတပ် နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။

‎ရက်အနည်းငယ်ခန့်တိုက်ပွဲငြိမ်သက်နေရာမှ နတ်ရေကန်ကို စစ်ကော်မရှင်၏ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅မှ အတွဲလိုက်ဒုံးများဖြင့် ယမန်နေ့ မတ် ၁၇ရက်က ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎”ဆုံကုန်းအမြောက်တပ်က အတွဲလိုက်ဒုံးတွေနဲ့ ပြန်ပစ်လာတယ် လေကြောင်းလည်းလာတယ်။ ပဇီဘက်မှာလည်း စစ်ရေးတင်းမာနေတယ် ပြင်းပြင်းထန်ထန်ပြန်ဖြစ်ဖို့ရှိနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် မတ် ၁၁ရက်နေ့မှ မတ် ၁၄ရက်နေ့ထိဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အထိနာကာ တပ်ဆုတ်သွားမှုများရှိခဲ့သော်လည်း စစ်တပ်ဝါဒဖြန့် ချန်နယ်များတွင်မူ AAနှင့် PDFများ အလောင်းကောက်ရင်း တိုက်ပွဲငြိမ်သက်သည်ဟု ဝါဒဖြန့် ဖော်ပြသည်။

‎နှစ်ဖက်တပ်ဖွဲ့များ ဒရုန်းများဖြင့် အပြန်အလှန်ကင်းထောက်မှုများရှိနေပြီး စစ်ကော်မရှင်က ဇင်ပြွန်းရွာ အနောက်ဘက်တောင်ကုန်းတွင် လက်နက်ကြီးစခန်း အခြေတည်ရန် ကြိုးပမ်းနေကြောင်း စစ်သတင်းရင်းမြစ်များထံမှ သိရသည်။

‎နတ်ရေကန်ကို စစ်ကူပို့ရာ လမ်းသစ်ဂုတ်ကြီးနှင့် လမ်းဟောင်း ပဇီဘက်တွင်လည်း စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြည့်တင်းထားပြီး လက်ရှိတွင် ပဇီလမ်းကြောင်း၌ အင်အား ၃၀၀ထက်မနည်း ပို့လွှတ်ထားသည်။

‎လေကြောင်းပစ်ကူ၊ ဒရုန်းဗုံးကြဲထောက်လှန်းခြင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နတ်ရေကန်ဗျူဟာတွင် စစ်ကော်မရှင်တပ်က တောင့်ခံတိုက်ခိုက်နေပြီး လေကြောင်းပစ်ကွင်းသိသာထင်ရှားသည့် အဆိုပါဗျူဟာကုန်းကို သိမ်းပိုက်ရန် AAဘက်က ချင့်ချိန်နေရကြောင်း စစ်ရေးထောက်လှန်းသူများကဆိုသည်။