‎ဧရာဝတီတိုင်းမ်
‎မတ် ၁၈ရက်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ မင်းပြင်နှင့် သိုင်းချောင်းကျေးရွာများဘက်သို့ စစ်ကြောင်း ထိုးတက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ သေဆုံးမှုများစွာဖြင့် တပ်ပျက်ထွက်ပြေးသွားရကြောင်း သိရသည်။

 

စစ်ကော်မရှင်ဘက်မှ ခြေကုတ်ယူရန် ကြိုးပမ်းသည့် မင်းပြင်နှင့် သိုင်းချောင်းဘက်သို့ စေလွှတ်သော စစ် ကြောင်းများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် AA က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး အချို့မှာ ဖမ်းဆီးရမိခဲ့ကာ ကျန်ရှိသူများမှာ တပ်ပျက်၍ ဆုတ်ခွာသွားခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အင်အား ၁၀၀အောက်ပါမယ့်စစ်ကြောင်း တိုက်ခိုက်ခံရတယ်ဆိုပါတယ်။ စစ်တပ်ဘက်က စစ်ကြောင်း တွေ ခွဲပြီးထွက်လာနေတယ်။ စခန်းသိမ်းတာကတော့ စစ်ရေးက ဒီနေ့ သူတို့သိမ်း နောက်နေ့ ပြန်ဆုတ် အဲလိုတွေမြန်ဆန်နေတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ပါသည့် စစ်ကော်မရှင် စစ်ကြောင်းတစ်ခု သိုင်းချောင်းဘက်သို့ ဝင်ရောက်စဉ် AA ၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးခဲ့ရသည်။

 

လက်ရှိ ယနေ့ မတ်လ ၁၈ ရက်တွင်မူ ပျားချိန်နှင့် ချောင်းမြှောင်ဒေသရှိ AA ၏ ခံစစ်စခန်းအချို့ကို စစ်ကော်မရှင်က စစ်ကြောင်းခွဲ၍ စစ်ကြောင်းခွဲ၍ ဒရုန်းဗုံးများဖြင့် ပြန်လည်ထိုးစစ်ဆင်နေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်အတွင်းရှိ တပ်မ (၁၁) မှ တပ်ဖွဲ့ဝင်များကို ပြန်လည် ထုတ်နှုတ်ကာ တပ်ဖွဲ့ဝင်အပြောင်းအလဲများ ပြုလုပ်ထားသည်။ ထို့ပြင် အနောက်ပိုင်းတိုင်း(နပခ) စစ်ဌာနချုပ်မှ လက်ကျန်တပ်များ၊ တောင်ကုတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ မှ စစ်ရှုံး တပ်ပျက်များအပြင် ရန်ကုန်ရှိ တပ်ရင်းများမှ ထုတ်နှုတ်တပ်များနှင့် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံ ထားရသည့် တပ်သားသစ်များကိုပါ ကျောက်ဖြူစစ်မျက်နှာသို့ အဓိကပို့ဆောင်၍ တိုက်ခိုက်ခိုင်းနေခြင်း ဖြစ်သည်။

 

စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်ချန်နယ်များတွင်မူ ပျားချိန်ရှိ စခန်းအချို့ကို စီးနင်းထားသည်ဟု ဖော်ပြနေသော်လည်း မြေပြင်တွင် AA က ဟန့်တားစစ်ဖြင့် ပြန်လည်ထိုးစစ်ဆင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)