ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီ သေဆုံးမှုအ တွက် ပြတ်သားသော လက်တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ အီရန်စစ်သေနာပတိချုပ် အာမီဟာတာမီက ခြိမ်းခြောက်လိုက်ပါတယ်။

“ရာဇဝတ်ကောင် အမေရိကန်နဲ့ သွေးဆာနေတဲ့ အစ္စရေးတို့ကို သင့်တော်တဲ့အချိန်နဲ့ နေရာမှာ ပြတ်သားတဲ့ ဟန့်တားနိုင်စွမ်းရှိတဲ့အပြင် နောင်တရသွားစေမယ့် တုံ့ပြန်မှုမျိုး ပြုလုပ်သွားမှာပါ” လို့ ဟာ တာမီက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လာရီဂျာနီနဲ့အတူ အခြားသော အာဇာနည်များ သေဆုံးမှုအတွက်လည်း လက်စားချေသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်က လာရီဂျာနီ သေဆုံးမှုအတွက် လက်စားချေမှုအဖြစ် အစ္စရေး အလယ်ပိုင်းသို့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်အခြေစိုက် Mehr သတင်းဌာန၏ ဖော်ပြချက်အရ လာရီဂျာနီရဲ့ ဈာပနအခမ်းအနားကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အီရန်သမ္မတ မာဆုပီဇက်ရှ်ကီယန်က လာရီဂျာနီ သေဆုံးမှုအပေါ် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လာရီဂျာနီဟာ သားဖြစ်သူ မော်တာဇာလာရီဂျာနီ၊ ရုံး အဖွဲ့မှူး အလီရီဇာဘာရက်၊ သက်တော်စောင့် အများအပြားနဲ့အတူ သေဆုံးခဲ့တာပါ။

ကိုးကား – BBC
Ref; Iran’s army chief threatens ‘decisive’ retaliation for killing of Larijani