ဧရာဝတီတိုင်း
‎မတ် ၁၈ ရက်

 

စစ်ကော်မရှင်၏ အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် ယခုအခါ နောက်တစ်ဆင့်သို့ တက်လှမ်းလာပြီး နေပြည်တော်တွင် တရားမဝင် ရွေးကောက်ပွဲမှပေါ်ထွက်လာသည့် ‘ရွေးတုလွှတ်တော်’ ခေါ်ယူကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုက်ရိုက်ထိန်းချုပ်မည့် ‘ရုပ်သေးအစိုးရ’ သစ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည်။

 

စစ်ကော်မရှင်သည် မတ်လ ၁၆ ရက်နေ့မှစတင်ကာ ရွေးတုလွှတ်တော်များကို ခေါ်ယူခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

လာမည့် နှစ်ပတ်အတွင်းတွင် စစ်ဗိုလ်ချုပ်အများအပြားသည် ပုံရိပ်ပြောင်းလဲရေးအတွက် စစ်ယူနီ ဖောင်းများကိုချွတ်ကာ အရပ်ဝတ်လဲလှယ်ကြမည်ဖြစ်ပြီး စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲခံထားရသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် လည်ပတ်မည့် အစိုးရသစ်ကို ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

 

“နိုင်ငံတကာက လက်ခံမယ့် တရားဝင်လွှတ်တော်တစ်ခု ပေါ်ပေါက်လာလိမ့်မယ်လို့ စစ်ကော်မရှင်က မျှော်လင့်နေတာဟာ စိတ်ကူးယဉ်နေတာပဲ။ အာဆီယံအနေနဲ့ စစ်ကော်မရှင်ရဲ့ ဒီပြဇာတ်မှာ လိုက်ပါ ကစားမယ်ဆိုရင် အာဆီယံရဲ့ ‘ပြည်သူဗဟိုပြု’ ဆိုတဲ့ မူဝါဒဟာ ပြုပြင်လို့မရအောင် ပျက်စီးသွား လိမ့်မယ်။ အာဆီယံရဲ့ ဗဟိုချက်ကျမှုကို ပိုမိုတိုက်စားသွားမှာဖြစ်ပြီး နောက်ဆုံးမှာ အာဆီယံဟာ အရေးပါတဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခုအဖြစ်ကနေ လုံးဝအသုံးမကျတဲ့ အခြေအနေကို ရောက်သွား လိမ့်မယ်” ဟု SAC-M အဖွဲ့ဝင် မာဇူကီးဒါရူစမန် က သတိပေးပြောကြားခဲ့သည်။

 

ထို့ပြင် အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏လူယုံ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိစစ်ဗိုလ်ချုပ်များကို အရေးပါသော ရာထူးနေရာများတွင် ခန့်အပ်ခြင်းဖြင့် စစ်တပ်နှင့် အစိုးရအပေါ် အကြွင်းမဲ့ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

SAC-M အဖွဲ့ဝင် ခရစ်စီဒိုတီ ကလည်း “မင်းအောင်လှိုင်အနေနဲ့ ဒီလိုပုံရိပ်ပြောင်းလိုက်ရုံနဲ့ ထွက်ပေါက် ရမယ်လို့ ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီစစ်ကော်မရှင်ရဲ့ ရုပ်သေးအစိုးရကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်သလို၊ သူတို့နဲ့ ထိတွေ့ ဆက်ဆံတာမျိုးကိုလည်း ငြင်းဆန်ရပါမယ်” ဟု ဆိုသည်။

SAC-M အနေဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းရာတွင် စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ပေါ်ထွန်းလာသော ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများကိုသာ ဘဏ္ဍာရေးနှင့် အထောက်အပံ့များ ပိုမိုပေးအပ်ရန် တိုက်တွန်းထားသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံတကာ ကျွမ်းကျင်သူများဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သော လွတ်လပ်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

 

အဖွဲ့ဝင်များမှာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ် စားလှယ်ဟောင်း ယန်ဟီးလီ (Yanghee Lee)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) ဥက္ကဋ္ဌဟောင်း မာဇူကီ ဒါရူစမန် (Marzuki Darusman) နှင့် အဆိုပါမစ်ရှင်၏ အဖွဲ့ဝင်ဟောင်း ခရစ်ဆီဒေါ့တီ (Chris Sidoti) တို့ ဖြစ်ကြသည်။

 

SAC-M သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ထိရောက်စွာ အရေးယူနိုင်ရန် အစဉ် တစိုက် အကြံပြု တိုက်တွန်းနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

 

ဓာတ်ပုံ – MOI