ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
CDM အနုပညာရှင်များပါဝင်ထားပြီး စစ်မှန်သည့်အနုပညာများကိုသာချပြကာ ကပြဖျော်ဖြေသွားမည့် “မြန်မာဇာတ်ပွဲကြည့်ရအောင်” အမည်ပေးထားသည့် ဇာတ်သဘင်ပွဲကို ယနေ့ မတ် ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တော်လှန်သဘင်ပညာသည်များနှင့် အနုပညာရှင်အများအပြားပါဝင် ကပြဖျော်ဖြေမည့် ဇာတ်သဘင် ပွဲတွင် မြန်မာ့ယဉ်ကျေးမှုအနုပညာ၏ အနှစ်သာရကို အပြည့်အဝရရှိစေရန် ရည်ရွယ် ပြင်ဆင်ထား ကြောင်း သိရသည်။

CDM အနုပညာရှင်များဖြစ်သည့် မင်းသား ရန်ငြိမ်းသူ၊ မင်းသား အောင်မြင်ဗိုလ်၊ သားအောင်ဆက်၊ စုမြတ်၊ အိအိအောင်၊ သက်ထားခင် တို့နှင့်အတူ မင်းသမီး စန်းနီလာဝင်း၊ ဝါဝါလှိုင်၊ ရာလေးနှင့် နှင်းသီရိလွင်တို့က မြန်မာ့ရိုးရာ အကအလှ များဖြင့် တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် CDM ရွာစား ဖိုးသင်္ကြန်၏ ဆိုင်းဝိုင်းနှင့်အတူ လူရွှင်တော် အောင်သော် ဦးဆောင်၍ ဖိုးချစ်၊ လင်းနဂါး၊ လူမဲနှင့် ပလာတာတို့ကလည်း ပဒေသာ ကပွဲနှင့် ပြဇာတ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။
ယနေ့ည ကပြမည့် ဇာတ်သဘင်ပွဲကြီးတွင် ပြည်သူသို့ပြောချင်သည့် စကားများကို အနုပညာရှင်များက အနုပညာဖြင့် ပြောကြမည့် ဇာတ်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
“ရည်ရွယ်ချက်ကတော့ ပြည်သူတွေဟာ ဒီကာလထဲမှာ မွန်းကျပ်နေတယ်။ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ် ဒါတွေကို အပန်းပြေနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲ့လိုရည်ရွယ်ရာမှာလည်း အလဟဿမဟုတ်ဘဲ တော်လှန်ရေးအတွက်လည်း ပါဝင်လို့ရအောင် အခုလိုမျိုးပွဲလေးစီစဉ်ဖြစ်တာပါ” ဟု မင်းသား သားအောင်ဆက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“မြန်မာဇာတ်ပွဲကြည့်ရအောင်” ဇာတ်သဘင်ကို ပွဲဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုနိုင်ပြီး လာမည့် ဧပြီ ၅ ရက်နေ့တွင် ပြသမည့် အွန်လိုင်းဇာတ်သဘင်ပွဲအတွက်မူ ရန်ပုံငွေလက်မှတ်များရောင်းချလျက် ရှိကြောင်း သိရသည်။
တော်လှန်ဇာတ်သဘင်ပွဲမှ ရရှိလာမည့် လက်မှတ်ဖိုးနှင့် အကျိုးအမြတ်များအားလုံးကို အောင်ဆန်း မျိုးဆက် တပ်ရင်းသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – မြန်မာဇာတ်ပွဲကြည့်ရအောင်