ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများကြောင့် လျှပ်စစ်မီး အချိန်ပြည့် ရတော့မည်ဟု စစ်ကော်မရှင်၏ လျှပ်စစ်ဝန်ကြီးက ကတိပေးပြောကြားခဲ့သော်လည်း ယနေ့ မတ်လ ၁၈ ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်ပိုင်းစနစ်ဖြင့် မီးပြန်လည်ဖြတ် တောက်တော့မည်ဖြစ် ကြောင်း သိရသည်။
နွေရာသီကာလအတွင်း လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းကို အကြောင်းပြကာ မတ်လမှ ဇွန်လအထိ အလှည့်ကျစနစ်ဖြင့် ဓာတ်အားခွဲဝေသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် ပေးချေနိုင်သည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေး ဇုန်များကိုမူ မီးဖြတ်တောက်ခြင်းမပြုဘဲ စဉ်ဆက်မပြတ် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းသည် ပြီးခဲ့သည့်လပိုင်းအတွင်းက LNG စက်ရုံများကြောင့် မီးပုံမှန်ရတော့မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိတွင် တပ်ဆင်အင်အား ၆,၇၂၅ မဂ္ဂါဝပ်ရှိသည့်အနက် ၃,၆၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် အခြေခံပြည်သူများမှာ အလှည့်ကျစနစ်ဖြင့်သာ ဓာတ်အားခွဲဝေရရှိမည်ဖြစ်ကြောင်းသိရသည်။
စစ်ကော်မရှင် ဘက်ကမူ ဆည်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ရမည်ဖြစ်သဖြင့် ယခုကဲ့သို့ ဖြတ်တောက်ရခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပေးရန် တောင်းဆို ထားသည်။
သို့သော်လည်း လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးအတော်များများ၌ အပူရှိန်မြင့်တက်နေချိန်တွင် မီးဖြတ်တောက်မှုကြောင့် ပြည်သူများမှာ အပူဒဏ်နှင့် ရေရှားပါးမှုဒဏ်ကိုပါ ပူးတွဲခံစားရမည့် အခြေ အနေသို့ ရောက်ရှိနေသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ် စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိ ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်