ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

 

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကာ ပြည်သူများက အလုအယက် ဝယ်ယူနေကြသဖြင့် ထိုင်းအစိုးရက အရေးပေါ်အစီအစဉ်များချမှတ်၍ အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

ထိုင်းစွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး အတ္တပိုလ် ရက်ပီဘွန်း (Auttapol Rerkpiboon) သည် စက်သုံး ဆီကုန်သည်များ၊ ရေနံချက်စက်ရုံ ကိုယ်စားလှယ်များနှင့် အရေးပေါ်တွေ့ဆုံခဲ့ပြီး ဆီဆိုင်များသို့ ဆီဖြန့်ဖြူးမှုအရှိန်မြှင့်တင်ရန်နှင့် ဆီသယ်ယူပို့ဆောင်ရေးယာဉ်များ တိုးချဲ့အသုံးပြုရန် ညွှန်ကြားခဲ့သည်။

ဆီပြတ်လပ်မှုမရှိစေရန်အတွက် အစိုးရအနေဖြင့် သက်ဆိုင်သူများနှင့် ကဏ္ဍစုံမှ ပူးပေါင်းဆောင် ရွက်နေပြီး ပြည်သူများအနေဖြင့် ထိတ်လန့်မှု မဖြစ်ကြရန် ဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

 

သို့သော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံရှိ ခရိုင်အသီးသီး၌ အလုအယက်ဝယ်ယူမှုများကြောင့် ဆီရရှိမှုနှုန်းမှာ ပုံမှန်ထက် ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

 

အချို့ခရိုင်များတွင် ဝယ်ယူသူများပြားလွန်းသဖြင့် ကားတစ်စီးလျှင် ဘတ် ၁,၀၀၀ ဖိုးသာ ကန့်သတ် ရောင်းချပေးနေရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

 

ထို့ပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ထိုင်းပြည်တွင်း လိုအပ်ချက်ကို ဦးစားပေး နိုင်ရန်အတွက် မြန်မာဘက်ခြမ်းမှ လာရောက်ဆီဖြည့်သည့် မော်တော်ယာဉ်များကို ဆီရောင်းချပေး ခြင်းအား ယာယီပိတ်ပင်ထားကြောင်း သိရသည်။

 

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများတွင် ဆီပြတ်လပ်မှုများစတင်ဖြစ်ပွားနေပြီး လာအိုနိုင်ငံတွင်လည်း စက်သုံးဆီဆိုင်ပေါင်း ၂,၀၀၀ ကျော်အနက် ၁,၀၀၀ ကျော်မှာ ဆီပြတ်လပ်မှုကြောင့် ပိတ်သိမ်းထားရကာ ဒေသတွင်း လောင်စာဆီထောက်ပံ့မှု တည်ငြိမ်စေရန် တာဝန်ရှိသူများကကြိုးစားနေရကြောင်း သိရသည်။

 

ကိုးကား – Bangkok Post