ဧရာဝတီတိုင်းမ်
မတ်၁၇ ရက်
မကွေးဖက်ဒရယ်ယူနစ်တွင်ခန့်အပ်မည့် ဝန်ကြီး ၂ဦးကိုဆိုင်းငံ့ထားသည့်ကိစ္စ ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့ ၇ ဖွဲ့က ကျေနပ်မှုမရှိကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနသို့ ပြောသည်။
မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး ခုနစ်ဦးနှင့် ရှေ့နေချုပ်ကို မတ်လ ၁၂ ရက်တွင်ကျင်းပခဲ့သည့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြုခဲ့ပြီး ကန့်ကွက်မှုရှိသည်ဟုဆိုကာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးနှင့် ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးတို့ကို အတည်ပြုခြင်းမရှိပဲ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
“ကြားကာလအစီအမံ ရေးဆွဲခဲ့တဲ့ အစုအဖွဲ့ ခုနှစ်ဖွဲ့သဘောတူညီချက်နဲ့ တင်ခဲ့တာပါ။ လွှတ်တော်ရောက်မှ ကန့်ကွက်သူရှိလို့ဆိုပြီးလုပ်တာက သဘာဝမကျဘူး။ တကယ်လို့ သူတို့အနေနဲ့ ဥပဒေသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောရမယ်။ အခုလိုလုပ်ထားတာတော့ အစုအဖွဲ့တွေက မကျေနပ်ဘူး” ဟု ကြားကာလအစီအမံတွင် ပါဝင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မကွေးဖယ်ဒရယ်ယူနစ်၏ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်ထားပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလက်ယာ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမိုးမင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဆလိုင်းအောင်ဝင်းတို့ကို အတည်ပြုထားသည်။ ထို့အပြင် ရှေ့နေချုပ်အဖြစ် ဒေါ်မေရီကို ခန့်အပ်အတည်ပြုထားသည်။
“ဒီဖြစ်စည်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကလည်း လွှတ်တော်အနေနဲ့ ရှင်းလင်းပေးဖို့ စာရေးသားပေးပို့ထားတယ်လို့ သိရတယ်။ ဒါပေမယ့် အကြောင်းမပြန်သေးဘူးလို့ကြားပါတယ်။ လွှတ်တော်အနေနဲ့ကလည်း အစုအဖွဲ့တွေကို တစ်ဖွဲ့ချင်းတွေ့ဖို့ကြိုးစားနေတယ်။ အစုအဖွဲ့တွေဘက်ကတော့ တစ်ဖွဲ့ချင်းတွေ့တာထက် အစုအဖွဲ့အကုန်လုံးနဲ့ တွေ့တာမျိုးပဲ ဖြစ်ချင်ပါတယ်” ဟု ဖြစ်စဉ်ကိုသိသူတစ်ဦးက ပြောသည်။
ယခုကာလသည် တော်လှန်ရေးကာလဖြစ်သောကြောင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ဆိုင်ရာ ဥပဒေပုဒ်မ ၁၂ (ဃ)ပါ အစုအဖွဲ့များ၏ စည်းလုံးညီညွတ်မှု မပြိုကွဲစေရေးအတွက် ဝန်ကြီးလောင်းနှစ်ဦးအနေဖြင့် ကြားကာလအစီအမံ ဆိုင်ရာ ဥပဒေပါ မည်သည့် ဥပဒေပြဌာန်းချက်များနှင့် ငြိစွန်းနေသည်ကို သိလိုကြောင်း ဝန်ကြီးချုပ်က မကွေးဖယ်ဒရယ်ယူနစ်လွှတ်တော်ကို စာပို့ မေးမြန်းထားကြောင်း သိရသည်။
ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့သည့် သတင်းရင်းမြစ်များအနေဖြင့် ဆိုင်းငံ့ခံထားရသည့် ဝန်ကြီးနှစ်ဦး၏ အမည်စာရင်းများကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသည့်အတွက် ဝန်ကြီးလောင်းများ၏ အမည်များကို ရေးသားဖော်ပြနိုင်ခြင်းမရှိပါ။
အမျိူးသားညီညွတ်ရေးအစိုးရအနေဖြင့် မန္တလေးဖယ်ဒရယ်ယူနစ်၊ စစ်ကိုင်းဖယ်ဒရယ်ယူနစ်နှင့် မကွေးဖယ်ဒရယ်ယူနစ်တို့ကို ဖွဲ့စည်းအတည်ပြုထားပြီဖြစ်သည်။