နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
အာဏာသိမ်းစစ်အုပ်စု၏ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော “ရွေးတုလွှတ်တော်” အတွက် ဥပဒေပြုရေးအကြီးအကဲများအဖြစ် သဘာပတိ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်လိုက်ပြီဖြစ်သည်။
အဆိုပါ ရာထူးများအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားထားရသည့် စစ်မျိုးစစ်နွယ်များနှင့် လက်ပါးစေများကိုသာ အလိုတော်ကျ ကြိုတင်စီစဉ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၆ ရက်က စတင်အသက်သွင်းလိုက်သည့် ၎င်းတို့၏ ရွေးတုလွှတ်တော်တွင် သဘာပတိအဖြစ် နန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခင်ရီနှင့် ဒုဥက္ကဋ္ဌအဖြစ် မောင်မောင်အုန်းတို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။

“သူတို့ကို သုံးတာဟာ စစ်မျိုးစစ်နွယ်ဖြစ်တာရော၊ အသုံးတည့်နေသေးလို့ရော ဖြစ်ပါလိမ့်မယ်။ အသုံးမတည့်တော့တဲ့တစ်နေ့ စစ်အုပ်စုအစဉ်အလာအတိုင်း ကန်ထုတ်ခံရမှာပါ” ဟု နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိ ဝါရင့်သတင်းစာဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သုံးဦးအနက် ရွေးတုလွှတ်တော် သဘာပတိအဖြစ် ရွေးချယ်ခံရသော ဒေါက်တာနန္ဒကျော်စွာမှာ ဗိုလ်မှူးချုပ်ဟောင်း တင်ဖေ၏ သားဖြစ်သည်။ ၎င်းသည် စစ်အုပ်စု လက်ဝေခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဒဂုံမဲဆန္ဒနယ် ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ယခင် ၂၀၁၀ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ထိုစဉ်က ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုဥက္ကဋ္ဌအပြင် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ပြီး စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာတွင် နန္ဒကျော်စွာကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း တင်ဖေသည်လည်း အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၆၂ ခု မတ်လ ၂ ရက် အာဏာသိမ်း ဖွဲ့စည်းသည့် တော်လှန်ရေးကောင်စီ အစိုးရအဖွဲ့တွင် နံပါတ် (၃) ဖြစ်ကာ ၎င်းအထက်၌ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်ချုပ် အောင်ကြီးတို့သာ ရှိပြီး လက်အောက်ခံ ဝန်ကြီးဌာနတချို့ကိုလည်း တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန စသည်တို့ကို တာဝန်ယူခဲ့သော ဗိုလ်မှူးချုပ်ဟောင်း တင်ဖေသည် နောက်ပိုင်း၌ ၎င်းအထက်အရာရှိ ဗိုလ်ချုပ် အောင်ကြီးထက်ပင် ဩဇာအာဏာနှင့် လုပ်ပိုင်ခွင့်များအား ပိုမိုကြီးထွားလာခဲ့ကြောင်း သိရသည်။
ထို့အတူ လက်ရှိ ရွေးတုလွှတ်တော် ဥက္ကဋ္ဌဖြစ်လာသည့် ဦးခင်ရီသည်လည်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနှင့် ဇေယျာသီရိ မဲဆန္ဒနယ်မှ အနိုင်ရကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်း၊ တပ်ထောက်ခံပွဲများအား ဖန်တီးခိုင်းစေ၍ လူမိုက်များ မွေးသဖြင့် “လက်မရွံ့” ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်အာဏာရှင်တို့၏ လက်ကိုင်တုတ်ဖြစ်သည်။
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၇) ဆင်းဖြစ်သူ ဦးခင်ရီသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (စစ်တွေ)၌ စစ်ဗျူဟာမှူး၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ရဲချုပ်၊ ပြည်ထဲရေး ဒုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က)ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာသည်။
အလားတူ ရွေးတုလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းသည်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး နယ်ခြားစောင့် (BGF)တပ်ဖွဲ့များ၏ ပထမဆုံး ညွှန်ကြားရေးမှူးတပ်မှူးချုပ် ဖြစ်သည်။
၎င်းသည် လက်ရှိ ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို တရုတ်နိုင်ငံသို့ စတင်ခေါ်ဆောင် သွားခဲ့သူဖြစ်ပြီး၊ ထိုခရီးစဉ်မှတစ်ဆင့် လက်ရှိ “ကျားဖြန့်” ဟု ခေါ်ဆိုသည့် အွန်လိုင်းငွေလိမ် ဂိုဏ်းများနှင့် ကာစီနိုလုပ်ငန်းများ ဒေသတွင်း အမြစ်တွယ်ရန် လမ်းစဖော်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
“စောချစ်သူက အဲဒီ တရုတ်ခရီးကနေ ကာစီနိုစီးပွားရေး လုပ်ငန်းတို့၊ ကွန်ပျူတာနဲ့ ငွေရှာတဲ့ စီးပွားရေး လုပ်ငန်းတွေကို သိမြင်လာပြီး သူ့ဒေသမှာ လုပ်ကိုင်လာတယ်လို့ သိရတယ်။ အခုခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ခ) ကျားဖြန့်ဖြစ်မယ် ထင်တယ်” ဟု ယင်းအခြေအနေကို သိရှိထားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
၎င်းသည် ၂၀၀၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူစဉ် မြဝတီ ကြော်ငြာကိစ္စများနှင့် ပြဿနာတက်သဖြင့် BGF ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ခံရခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်မူ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာကြောင်း သိရသည်။
ယင်းနောက် အရပ်သားအစိုးရ အမည်ခံ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသလို စစ်ခေါင်းဆောင် အာဏာသိမ်းပြီးနောက်တွင်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့အဖြစ် ခန့်အပ်ခံရကာ လက်ရှိ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့ ခံရသူများထဲ ပါဝင်နေကြောင်း သိရသည်။
ထို့ကြောင့် ယခုရွေးချယ်မှုများသည် စစ်အုပ်စု၏ အတုအယောင်လွှတ်တော်ကို စစ်တပ်အဆက် အနွယ်များနှင့် လူယုံတော်များဖြင့်သာ စိတ်ကြိုက်ပုံဖော်ရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။