ဧရာ၀တီတိုင်းမ်
မတ် ၁၇ ရက်

 

ကျူးဘားနိုင်ငံတွင် အင်္ဂါနေ့ (ယနေ့) က အင်အားရစ်ခ်ျတာစကေး ၆.၀ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဥရောပ-မြေထဲပင်လယ် ငလျင်တိုင်းတာရေးစင်တာ (EMSC) က သတင်းထုတ်ပြန်သည်။ အဆိုပါငလျင်သည် မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

 

ကျူးဘားနိုင်ငံ ယခုငလျင်လှုပ်ခတ်မှုသည် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိတွင် ကျူးဘားတစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးများ ပြတ်တောက်နေပြီး ဗင်နီဇွဲလားမှ ရေနံတင်သွင်းမှု ရပ်ဆိုင်းနေသည်မှာ ၃ လခန့် ရှိနေပြီဖြစ်သည်။

ပြည်သူ ၁၀ သန်းကျော်သည် တစ်နေ့လျှင် နာရီ ၂၀ ကျော်အထိ မီးပြတ်တောက်သည့် ဒဏ်ကို ခံစားနေရကာ အခြေခံစားသောက်ကုန်များလည်း ဆိုးရွားစွာ ပြတ်လပ်နေသည်။

 

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဘက်ဘက်မှ ယိုင်နဲ့နေသည့် ကျူးဘားနိုင်ငံကို အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် သိမ်းပိုက်နိုင်ကြောင်းနှင့် မိမိဆန္ဒရှိသလို စီမံနိုင်ကြောင်း Air Force One ပေါ်မှနေ၍ ယနေ့တွင်ပင် ကြုံးဝါးပြောဆိုခဲ့သည်။

 

သဘာဝဘေးအန္တရာယ်နှင့်အတူ နိုင်ငံရေး၊ စီးပွားရေး ဖိအားများကို တစ်ပြိုင်နက်တည်း ခံနေရသည့် ကျူးဘားအစိုးရအတွက် ယခုငလျင်ဘေးမှာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား အခက်အခဲများကြောင့် ပိုမိုကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

 

ကျူးဘားပြည်သူများအနေဖြင့် အစားအစာပြတ်လပ်မှု၊ လျှပ်စစ်မီးမရရှိမှုတို့ကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ် ယခုကဲ့သို့ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား- Reuters, Thesun