‎ဧရာဝတီတိုင်းမ်
‎မတ် ၁၇ ရက်

စစ်ကော်မရှင်က လျှပ်စစ်သုံးယာဉ် (EV) များ သုံးစွဲရန် အခွန်ကင်းလွတ်ခွင့်ဖြင့်မြှင့်တင်ခဲ့ပြီး သုံးနှစ် အကြာတွင် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်သုံးယာဉ်များအပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း စတင်ကောက်ခံမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၁၅ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် စစ်ကော်မရှင်၏ ၂၀၂၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံးယာဉ်များအတွက်မူ အင်ဂျင်ပါဝါအလိုက် ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့် ကောက်ခံသွားမည်ဖြစ်သည်။

‎မော်တော်ယာဉ်များကို အင်ဂျင်ပါဝါအလိုက် ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ယာဉ်များကို ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိကို ၃၀ ရာခိုင်နှုန်းနှင့် ၄၀၀၁ စီစီနှင့်အထက်ရှိသော ယာဉ်များကိုမူ အထူးကုန်စည်ခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားသည်။

လက်ရှိတွင် စစ်အုပ်စု၏ စီမံခန့်ခွဲမှုအမှားများနှင့်အတူ စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရသဖြင့် EV မော်တော်ယာဉ်များ ဝယ်ယူမှု မြင့်တက်နေပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချမှုများ ရှိနေကြောင်း ယာဉ်ရောင်းဝယ်ရေး လောကမှ စုံစမ်းသိရသည်။

စစ်ကော်မရှင်သည် အများပြည်သူများ EV ကားသုံးစွဲစေရန်အတွက် ၂၀၂၂ ခုနှစ်မှစတင်ကာ အထူး ကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဘီးခွန်၊ မြို့ဝင်ကြေးနှင့် လမ်းအသုံးပြုခ အပါအဝင် အခွန်အခအမျိုးမျိုးကို ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ယခုအခါ အဆိုပါအခွင့်အရေး များကို ပြန်လည်ရုပ်သိမ်း၍ အခွန်စတင်ကောက်ခံလာခြင်းဖြစ်သည်။

လက်ရှိတွင် EV တင်သွင်းခွင့်ရ ကုမ္ပဏီပေါင်း ၈၀ ကျော်ရှိပြီး တရုတ်နိုင်ငံထုတ် Toyota၊ Honda၊ NETA၊ BYD၊ GAC နှင့် Leap Motor ကားများ အဓိကနေရာယူထားသည်။ အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်ကတည်းက တစ်နှစ်လျှင် အစီးရေ ၅၀၀ အထိ တင်သွင်းခွင့်ရရှိထားသော်လည်း ကုမ္ပဏီ ထက်ဝက်ခန့်သာ အမှန်တကယ် တင်သွင်းနိုင်ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်ပိုင်းအတွင်း EV ကားများ အားသွင်းနေချိန်နှင့် ရပ်နားချိန်များတွင် မီးလောင်မှုဖြစ်စဉ် များ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။

ဓာတ်ပုံ-MOI