ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ကိုးကန့်တပ် (MNDAA )နှင့် တအာင်းတပ် (TNLA) ထိပ်ပိုင်းခေါင်းဆောင်များ ယနေ့ မတ်လ ၁၇ ရက် နံနက်ပိုင်းက လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
MNDAA တပ်ဘက်မှ အင်အားထောင်ချီအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ ၁၀၅ မိုင်နှင့် နမ့်ခမ်း-နမ့်ဖတ်ကာကြားရှိ TNLA တပ်စခန်းအချို့ လက်လွှတ်ခဲ့ရသည်။
ထို့သို့ လက်လွှတ်ခဲ့ရသည့်အပြင်အဆိုပါတိုက်ပွဲများအတွင်း TNLA တပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီးနောက် ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံကြခြင်းဖြစ်သည်။
“ဒီနေ့ မနက်ပိုင်းမှာ ကျွန်မတို့ ဗဟိုခေါင်းဆောင်တွေနဲ့ MNDAA ဘက်က ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်မှာ ရောက်နေကြတယ်” ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဒေသတွင်း သတင်းဌာနဖြစ်သည့် ရွှေဖီမြေကို အတည်ပြုပြောကြားထားသည်။
ယမန်နေ့ မတ်လ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်မှစတင်ကာ နှစ်ဖက်တပ်များအကြား ပစ်ခတ်မှုများ ရပ်တန့်ထားပြီးနောက် ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးမှုပြုလုပ်နေခြင်းဖြစ်သည်။
“အထိခိုက်ကျဆုံးတွေရှိတယ်။ အခုက နှစ်ဖက်တပ် ထိတွေ့မှုတင်မဟုတ်ဘဲ နယ်မြေသိမ်း၊ မြို့သိမ်းတဲ့အခြေအနေမျိုး ဖြစ်နေတာ။ သိန္နီကိုလည်း ထိုးဖို့ရှိနေတာ။ ဆွေးနွေးပွဲရလဒ်ကတော့ မသိရသေးဘူး” ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကော်မရှင်နှင့် MNDAA တို့သည် မတ်လ ၁၆ ရက်နေ့ အစောပိုင်းက လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် MNDAA ဘက်က သိန္နီ-ကွတ်ခိုင် လမ်းပိုင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။