ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

 

ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး(နယ်လုံဝန်ကြီး) အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်ထားသော တပ်ကိုယ်စားလှယ်များကို စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းမည့် အမည်ခံ အရပ်သားအစိုးရ မပေါ်ပေါက်လာမီ စစ်အုပ်စုလက် အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။

 

စစ်အုပ်စု၏ UEC သည် ရွေးတုလွှတ်တော် (၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော်) အတွက် စစ်ခေါင်းဆောင်က အမည်စာရင်း တင်သွင်းထားသော တိုင်းနှင့် ပြည်နယ် တပ်ကိုယ်စားလှယ် နှစ်ဦးကို မတ်လ ၁၆ ရက်နေ့တွင် အပြောင်းအလဲပြုလုပ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

အပြောင်းအလဲလုပ်ခံရသူများမှာ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေတို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ရွေးတုလွှတ်တော်အတွက် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် တပ်ကိုယ်စားလှယ်များအဖြစ် စစ်ခေါင်းဆောင်က ကနဦး အမည်စာရင်း တင်သွင်းထားသူများ ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၃ ၊ စက်တင်ဘာတွင် ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဖြစ်လာသည့် ဗိုလ်မှူးကြီး မင်းသူကျော်၏နေရာတွင် ဗိုလ်မှူးကြီး စိုးမိုးဝင်းအား အစားထိုးလိုက်သည်။

 

အလားတူ ၂၀၂၅ ၊ ဩဂုတ်တွင် ဧရာဝတီတိုင်း နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ရွေးတု လွှတ်တော်အတွက် တိုင်းလွှတ်တော် တပ်ကိုယ်စားလှယ် ဖြစ်လာသူ ဗိုလ်မှူးကြီး ခန့်မွန်ဆွေကိုလည်း ဗိုလ်မှူးကြီး စိုးမင်းဦးနှင့် အစားထိုးလိုက်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးစလုံးသည် စစ်ခေါင်းဆောင်က ပေးအပ်သော စစ်မှုထမ်းကောင်း တံဆိပ်ရသူများဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ကတည်းက နယ်လုံဝန်ကြီးတာဝန်များမှ အနားပေးခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ယခုအပြောင်းအလဲကြောင့် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများအဖြစ်သာမက ရွေးတုလွှတ်တော်အတွက် တပ်ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင်များ အဖြစ် ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့် ဗိုလ်မှူးကြီး စိုးမင်းဦးတို့က တာဝန်ယူသွားမည်ဖြစ်ပြီး ၎င်းတို့ အားလုံးသည် စစ်ခေါင်းဆောင်က တိုက်ရိုက်အမည်စာရင်း တင်သွင်းထားသူများ ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ-MOI