ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီအခက်အခဲကို အခွင့်ကောင်းယူကာ ခရီးသည်များထံမှ ယာဉ်ခ ဈေးနှုန်း ပိုမိုတောင်းခံသည့် CNG တက္ကစီများကို CNG အသုံးပြုခွင့်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက သတိပေးထားသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကို အကြောင်းပြကာ ယာဉ်ခပိုမိုတောင်းခံသည့် စည်းကမ်းမရှိသော CNG ယာဉ်များကို ပိတ်သိမ်းပြီးနောက်၊ ယင်းနေရာတွင် CNG ရရှိရန် စောင့်ဆိုင်းနေသည့် အခြား မော်တော်ယာဉ်များကို အစားထိုးခွင့်ပြုပေးသွားမည်ဖြစ်သည်။
ထို့အပြင် အငှားယာဉ်ခနှုန်းထားများ စနစ်တကျရှိစေရန် မီတာစနစ်တပ်ဆင်နိုင်ရေး စီစဉ်နေကြောင်း စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားထားသည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် CNG ယာဉ်မောင်းများသည် များပြားသော အုံနာခနှင့် ပြုပြင် ထိန်းသိမ်းစရိတ်များကြောင့် အခက်ကြုံလျက်ရှိကြောင်း သိရသည်။
“CNG က ဈေးသက်သာတယ်ဆိုပေမဲ့ တစ်ခါထည့်ဖို့ အနည်းဆုံး တစ်နာရီကျော် တန်းစီရတယ်။ မီးပျက်ရင်လည်း မီးပြန်လာတဲ့အထိ စောင့်ရတာနဲ့တင် အချိန်ကုန်တယ်။ အုံနာခကလည်း တစ်ရက်ကို ကျပ် ၄၅,၀၀၀ ကနေ ၆၀,၀၀၀ အထိ ပေးနေရတော့ ယာဉ်ခ ၅,၀၀၀၊ ၁၀,၀၀၀ ဆိုတာက ကျန်တာတွေအကုန် ဈေးကြီးနေတဲ့ ဒီခေတ်မှာ သူ့ခေတ်နဲ့သူ ဖြစ်နေတာပါ” ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် CNG ယာဉ်ပိုင်ရှင်များထံ ပေးဆောင်ရသည့် နေ့စဉ်ငှားရမ်းခ (အုံနာခ) မှာ စက်သုံးဆီ သုံးယာဉ်များထက် နှစ်ဆကျော် မြင့်မားနေသည်။
၎င်းအပြင် အပိုပစ္စည်းရှားပါးမှုကြောင့် ကားပြင် စရိတ်ကို အုံနာနှင့် ယာဉ်မောင်း တစ်ယောက်တစ်ဝက် ကျခံရသည့်စနစ်ကို ကျင့်သုံးနေရသဖြင့် ယာဉ်ထိန်းသိမ်းမှုစရိတ်များ ပိုမိုမြင့်တက်လာခြင်းမှာ ယာဉ်မောင်းများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CNG အရောင်းဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိပြီး၊ နေ့စဉ် ယာဉ်စီးရေ ၂၈,၃၀၁ စီးအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀ သန်းခန့်ကို ထိန်းညှိဖြန့်ဖြူးပေးနေ ကြောင်း စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းတွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်နှင့် ယာဉ်စီးရေ ၂၆,၉၇၃ စီးဖြင့် အများဆုံးအသုံးပြုနေပြီး၊ သဘာဝဓာတ်ငွေ့ (CNG) ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် သတ်မှတ်ရောင်းချပေးနေခြင်း ဖြစ်သည်။
ပြည်တွင်းဓာတ်ငွေ့လိုအပ်ချက်အရ CNG အသစ်တပ်ဆင်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ပြီး ယခင် CNG သုံးစွဲခွင့်ရရှိပြီးသား ယာဉ်ဟောင်းများနေရာတွင် ယာဉ်သစ်များ အစားထိုး လဲလှယ်ခြင်းသာ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်