ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း လူစားထိုးခံရသူများအတွက် ထောက်ပံ့ကြေးမရသဖြင့် မြို့နယ်စစ်ကော်မရှင်ထံတိုင်ကြားထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။

မြန်အောင်မြို့၊ သပြေကုန်းနယ်‌မြေ ရဲများနှင့် ဇလုပ်ကြီးကျေးရွာမှ စစ်ကော်မရှင်ခန့် အုပ်ချုပ်‌ရေးမှူးနှင့် ရာအိမ်မှုးတို့ပူးပေါင်းကာ ပြည့်သူ့စစ်မှုထမ်းအတွက် ငွေကြေးများ စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ဇလုပ်ကြီးကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးထိုက်ဦးဖြစ်ပြီး ရာအိမ်မှူးမှာ သေးသေး (ခ) မြင့်အောင် ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့အပတ်က တစ်ယောက်ပေးရမယ်ဆိုလို့၊ တစ်ယောက်လိုက်သွားတာ၊ အဲ့ဒါကို ရွာကပိုက်ဆံစုပြီးပေးရမယ်ဆိုတော့ ရွာသူရွာသားတွေကလဲပေးကြပါတယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးမပေးပဲ အုပ်ကြီးအဖွဲ့တွေက သုံးကြတာ၊ ခုတော့ အုပ်ကြီးနဲ့အဖွဲ့ကို မြို့နယ် တိုင်ထားတယ်လို့တော့သိရတယ်”ဟု ဇလုပ်ကြီးကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းထောက်ပံ့ရန်အတွက်ဟုဆိုကာ ဇလုပ်ကြီးအုပ်စု ကန့်ဘလူရွာ၊ ပိန်းအင်းရွာ၊ အုတ်ရှစ်ကုန်းရွာ၊ ရေကျော်ချောင်ရွာတို့တွင် လစဉ်ကြေးပေးနေရကြောင်း သိရသည်။

ဇလုပ်ကြီးအုပ်စုအတွင်းရှိ နေအိမ်တစ်အိမ်လျှင် လေးသောင်းကျပ်၊ ငါးသောင်းကျပ်၊ တစ်သိန်းကျပ်အထိ အချိုးကျပေးဆောင်းရနေအိမ်များရှိသည့်အပြင် လူအနည်းအများပေါ်မူတည်၍လည်း ပေးဆောင်ရသည့် နေအိမ်များလည်းရှိကြောင်း ဒေသခံများကပြောသည်။

လက်ရှိစစ်မှုထမ်း လူစားထိုးခံရသည့် ဒေသခံအချို့မှာ ထောက်ပံ့ကြေး‌ငွေမရရှိ၍ မြို့နယ်စစ်ကော်မရှင်နှင့် မြန်အောင်မြို့နယ်တရားရုံးသို့ အသိပေးတိုင်ကြားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများ