ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
ဟော်မုဇ်ရေလက်ကြားလမ်းကြောင်း ပွင့်လင်းစေရေးအတွက် မဟာမိတ်နိုင်ငံတွေက ကူညီခြင်းမ ရှိပါက နေတိုးအဖွဲ့ရဲ့ အနာဂတ်မှာ “အလွန်ဆိုးရွား” သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သတိပေးခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းနိုင် ကြောင်း ပြောကြားလိုက်ပါတယ်။
မတ်လ ၁၅ ရက် က Financial Times သတင်းစာမှာ ဖော်ပြခဲ့တဲ့ မှတ်ချက်မှာ ဒေါ်နယ်ထရမ့်က “တရုတ်နိုင်ငံဟာ အပ်တဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကို ဒီရေလက်ကြားကနေပဲ ရရှိနေတာဖြစ်တဲ့အတွက် သူတို့ ကိုယ်တိုင်လည်း ဝိုင်းဝန်းပြီး ကူညီသင့်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံသို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်မီ ဟော်မုဇ်ရေလက်ကြားအရေးနဲ့ ပတ် သက်ပြီး ပေကျင်းရဲ့ သဘောထားကို ကြိုတင်သိရှိလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်းတို့ဟာ နှစ် နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ အဆင်မပြေမှုတွေကို ညှိနှိုင်းဖို့နဲ့ မတ်လကုန်မှာ ပြုလုပ်မယ့် ဒေါ်နယ် ထရမ့်ရဲ့ ပေကျင်းခရီးစဉ်အတွက် ပါရီမြို့၌ နှစ်ရက်ကြာဆွေးနွေးပွဲ ပထမနေ့ကို တနင်္ဂနွေနေ့မှာ အဆုံး သတ်ခဲ့ပါတယ်။
အဆိုပါ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ အကျိုးအမြတ်ရရှိနေတဲ့ နိုင်ငံတွေအနေဖြင့် လုံ ခြုံရေးအတွက် ကူညီသင့်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
“ဒီရေလက်ကြားကနေ အကျိုးကျေးဇူး ခံစားနေရတဲ့သူတွေအနေနဲ့ အဲဒီမှာ မကောင်းတဲ့ဖြစ်ရပ် တွေ မဖြစ်ပွားအောင် ဝိုင်းဝန်းကူညီကြဖို့က သင့်တော်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်ပြီးနောက် အီရန်တပ်ဖွဲ့တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ထိုကျဉ်းမြောင်းသော ရေလမ်းကြောင်း ပွင့်လာ စေရေး နိုင်ငံတကာမှ စစ်သင်္ဘောတွေ စေလွှတ်ကြဖို့ ၎င်းက စနေနေ့မှာ တောင်းဆိုခဲ့ပါတယ်။
တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဗြိတိန် အပါအဝင် နိုင်ငံများအနေဖြင့် ထိုဒေသသို့ စစ် သင်္ဘောများ စေလွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က တည်းက အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို လက်တွေ့ကျကျ ပိတ်ပစ်ခဲ့တာပါ။
အီရန်နဲ့ အိုမန်နိုင်ငံကြားရှိ ဟော်မုဇ်ရေလက်ကြားဟာ ပုံမှန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သ ဘာဝဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အဓိကလမ်းကြောင်းဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်တဲ့ Kharg ကျွန်းကိုလည်း နောက် ထပ် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့် သတိပေးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump warns Nato, presses China to help reopen Strait of Hormuz: Report