ဧရာဝတီတိုင်းမ်
မတ် ၁၆ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗျူဟာကုန်းအား စစ်ကူလာသည့် စစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့များအကြား အပြန်အလှန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လမ်းသစ်ဂုတ်ကြီးနှင့် လမ်းဟောင်းပဇီဘက်သို့ ထွက်ခွာလာသည့် စစ်ကော်မရှင်အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းနှင့် AA တပ်ဖွဲ့များအကြား မတ်လ ၁၄ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“လမ်းဟောင်းဘက်က စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲက အရမ်းပြင်းထန်နေတာပါ။ ၃ ရက်၊ ၄ ရက်လောက် ရှိပြီ၊ တိုက်ပွဲက ဆက်တိုက် ဖြစ်နေတာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ဆုံကုန်းအမြောက်တပ် (မစခ-၉၀၅) က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးလျက်ရှိပြီး ပဒါန်းတပ်နယ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းများနှင့် ရိက္ခာ၊ ခဲယမ်းတင်ကားများမှာလည်း အမြောက်ဌာနချုပ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စစ်ကော်မရှင်ဘက်က ဒရုန်းဖြင့် ကင်းထောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းမှတစ်ဆင့်လည်း တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ မျှော်စင်နှင့် ကြက်ခြံကုန်းစခန်းများ သိမ်းပိုက်ခံရပြီးနောက် နတ်ရေကန်ဗျူဟာကို လက်လွတ်ရခြင်းမရှိအောင် အပြင်းအထန် ခုခံကာကွယ်နေပြီး စစ်ကူအင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)