ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
အာဏာသိမ်းမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များမှာ ပြည်တွင်း/ပြည်ပရှိ နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြ၍ တော်လှန်ရေးကာလနှင့် ကိုက်ညီသော လွှတ်တော်ဖြစ်အောင် ပုံဖော်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။
စစ်အုပ်စု၏ ရွေးတုလွှတ်တော် (၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လွှတ်တော်) နှင့်အပြိုင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ပြုကော်မတီ (CRPH) က ယနေ့ မတ် ၁၆ ရက်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင် ထိုသို့ထည့်သွင်းပြောဆိုသည်။
“တချို့ဆိုရင်လည်း ပြည်ပမှာဖြစ်သလို၊ တချို့က နယ်စပ်ဒေသမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ခြေစုံရပ်ထားတဲ့ အမတ်တွေလည်း ရှိတာကြောင့် တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ်တော်မျိုးကို ပိုမိုဖော်ဆောင်လာနိုင်ဖို့ လိုအပ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ကြောင့် အခြေအနေနှင့် အချိန်အခါကို သတိထားပြီး လက်တွေ့ကျသော လွှတ်တော်အခင်းအကျင်းမျိုး ဖော်ဆောင်ရန်နှင့် တော်လှန်ရေး ကာလသည် လှိုင်းထန်လေထန် ကာလဖြစ်သောကြောင့် ရှေ့ဆက်၌ တော်လှန်ရေးပုံစံဖြင့် ကိုက်ညီသည့် လွှတ်တော်ဖြစ်အောင် ပုံဖော်ရန် ၎င်းက ဆက်လက်တိုက်တွန်းသည်။
ယင်းအပြင် လက်ရှိအားလုံးဝိုင်းဝန်း လုပ်ဆောင်နေသည့် ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ ပုံစံကဲ့သို့မျိုး ဖြစ်မြောက်အကောင်အထည် ပေါ်လာရေးကို အားသွန်ကြိုးပမ်းရန်လိုပြီး ထိုစုဖွဲ့မှု ဖြစ်မြောက်လာရန် ERO များနှင့် အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရကြောင်း NUG ယာယီသမ္မတ၏ ပြောဆိုချက်အရ သိရသည်။
“အဲသည့်ထဲမှာ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေလည်း အရေးတကြီး ပါဝင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှု ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် NUG အနေဖြင့် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း ရဲရဲဝံ့ဝံ့၊ စနစ်တကျ လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ထပ်တိုးလုပ်ဆောင်စရာ လုပ်ငန်းစဉ်များ ရှိနေပြီးဖြစ်ဟု ယာယီသမ္မတက မိန့်ခွန်းပြောရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် နောက်ထပ် ခြေလှမ်းသစ်ဖြစ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီလိုမျိုး ဖြစ်မြောက်လာရေး အားလုံးဝိုင်းဝန်း၍ လက်တွဲတည်ဆောက်သွားနိုင်ရန် ပံ့ပိုးကူညီစေလိုကြောင်း ၎င်းက မေတ္တာရပ်ခံသည်။
အလားတူ စစ်အုပ်စုကလည်း နိုင်ငံတကာနှင့် ပြည်သူများ လက်မခံသော ၎င်းတို့၏ ရွေးတုလွှတ်တော်ကို ယနေ့မှစတင်၍ အသက်သွင်း ပြုလုပ်နေပြီး သဘာပတိအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကို လက်ဝေခံ လူယုံတော်များဖြင့် ကြိုတင်စီစဉ်ထားမှုအတိုင်း ရွေးချယ်တင်မြှောက်ထားကြောင်း သိရသည်။