ဧရာဝတီတိုင်းမ်
မတ် ၁၆ရက်
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေလုပ်ကွက်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အတွက် ရွှေမျှောလုပ်သား ကိုးဦးသေဆုံးကာ ပျောက်ဆုံနေသူများရှိသည့်အတွက် သေဆုံးမှု များပြားကြောင်း သိရသည်။
ဟုမ္မလင်းတက် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ယမန်နေ့ မတ် ၁၅ရက် မွန်းလွဲ ၃ နာရီ ခန့်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ရွှေမျှောဖောင်များထိမှန်ပြီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

”ဗုံးကြဲတဲ့အပြင် စက်သေနတ်တွေနဲ့ပါပစ်သွားတယ်။ အလုပ်ချိန်လည်းဖြစ်တော့ ထိခိုက်ပျက်စီးမှုများ တယ်” ဟု ရွှေမျှောလုပ်ကွက်နှင့်နီးစပ်သူထံမှ သိရသည်။
ကောလင်းနယ်၊ ဂေါင်းဖြူပတ်ဝန်းကျင်ရှိ ရွှေဖောင်များမှာ အဓိကတိုက်ခိုက်ခံရပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။
ရွှေမျှောဖောင်များမှာ တစ်ခုနှင့်တစ်ခု ထိစပ်နေသည့်အတွက် မီးကူးပြီးပျက်စီးမှုများပြားကာ လုပ်ငန်း လုပ်ကိုင်နေစဉ် လူအုပ်လိုက်ရှိ နေချိန်တိုက်ခိုက်ခံရသည့်အတွက် သေဆုံးမှုများပြားပြီး ရေထဲနစ်မြုပ် သွားသူများလည်း ရှိနိုင်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်နေ့ကလည်း သဖန်းဆိပ်ဆည်အတွင်းရှိ ဖောင်များကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့ စင်ခန်းအထက်ရှိ ရွှေလုပ်ကွက်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့သည့် အတွက် ရွှေမျှောလုပ်သား ၃၀ကျော်သေဆုံးပြီး ပျောက်ဆုံးသူများ ရှိခဲ့သည်။
ဓာတ်ပုံ- Infinity group
ပုံစာ – သဖန်းဆိပ်ဆည်ရွှေလုပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။