‎‎ဧရာဝတီတိုင်းမ်
‎မတ် ၁၆ ရက်

ကျောက်ဖြူရှိ သိုင်းချောင်း၊ မင်းပြင်စသည့် ကျေးရွာများတွင် စစ်ကော်မရှင်က ခြေကုတ်နေရာယူလာပြီး စစ်ကြောင်းထိုးတက်လာမှုများရှိရာ AAနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
‎‎

အမှတ် ၃၂ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့မှနေ၍ သိုင်းချောင်းဘက်သို့ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းမှာ ပြီးခဲ့သည့် မတ် ၁၃ရက်နေ့က AA၏ တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်သွားကြရကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
‎‎

“သိုင်းချောင်းတောင်က စစ်ရေးအရ အရေးပါတော့ အဲဒီ့နေရာ စိုးမိုးနိုင်ဖို့က နှစ်ဘက်လုံးအတွက်အရေးကြီးတယ်။ ဒါကြောင့်စစ်တပ်က ခြေကုတ်ယူထားတဲ့နေရာတွေကို အပြီးစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးနေတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုးစစ်အရှိန်ရပ်တန့်‌နေသည့် စစ်ကော်မရှင်က စစ်ကြောင်းများပြန်လည်စေလွှတ်လာကာ ပြီးခဲ့သည့် မတ် ၉ရက်နေ့က တိုက်ပွဲများမှာ လမ်းခွဲကိုကျော်လွန်ကာ ဖြစ်ပွားခဲ့ပြီး ‌မြို့နှင့် ခုနှစ်မိုင်ခန့်အကွာအထိ နီးကပ်ခဲ့သည်။

အကန့်အသတ်နှင့် တိုက်ခိုက်နေရသည့် AA၏ကျောက်ဖြူတိုက်ပွဲကို စစ်ကော်မရှင်က အခွင့်ကောင်းယူကာ သိုင်းချောင်း၊ မင်းပြင်နှင့် ဒိုးမတောင်ရှိ နေရာအချို့တွင် ခြေကုတ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အဆိုပါနေရာများကို AAက ပြီးခဲ့သည့် မတ် ၈ရက်မှစကာ လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ထားသည့်အတွက် စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများကြောင်း သိရသည်။

ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်အတွင်းကိုလည်း AAက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ထားရာ အရာရှိအပါအဝင် ၂၀ခန့်သေဆုံးမှုရှိခဲ့သည်။

စစ်ကော်မရှင်က ကျောက်ဖြူတိုက်ပွဲကို အင်အားထောင်ချီသုံးထားပြီး ဗန်းမော်တိုက်ပွဲကိုပို့သည့် အင်အားထက်သာလွန်များပြားကြောင်း သိရသည်။စစ်ကူအင်အားများကို ရေကြောင်း၊ လေကြောင်းတို့သုံး၍ ဆက်တိုက် အင်အားဖြည့်ထားသည်။

ဓာတ်ပုံ- AA