ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

 

ကမ္ဘာ့ရုပ်ရှင်လောက၏ ဂုဏ်သိက္ခာအကြီးမားဆုံး အော်စကာ (Oscar) ဆုပေးပွဲတွင် K-Pop ယဉ်ကျေးမှုကို အခြေခံ၍ ဖန်တီးထားသည့် “K-Pop: Demon Hunters” အန်နီမေးရှင်းဇာတ်ကားက အဓိကဆုကြီး နှစ် ခုကို ဆွတ်ခူးကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

 

ယနေ့ မတ် ၁၆ ရက်တွင် ကျင်းပသည့် (၉၈) ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနားတွင် အဆိုပါဇာတ်ကားက “အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားဆု (Best Animated Feature)” နှင့် “အကောင်းဆုံး ဇာတ်ဝင်တေးဆု (Best Original Song)” တို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

 

အထူးသဖြင့် အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ဇာတ်ကား၏ အဓိကတေးသီချင်းဖြစ်သော “Golden” ဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းသည် အော်စကာဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်သည့် K-Pop တေးသီချင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အဆိုပါသီချင်းကို အဆိုတော် Ejae၊ Audrey Nuna နှင့် Rei Ami တို့က ပူးပေါင်းသီဆိုထားခြင်း ဖြစ်သည်။

 

“အကယ်ဒမီကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ငယ်ငယ်က K-Pop ကို ကြိုက်လွန်းလို့ လူတွေက ဟာသလုပ်ပြီး လှောင်ပြောင်ခဲ့ကြဖူးတယ်။ အခုတော့ လူတိုင်းက ကျွန်မတို့ရဲ့ သီချင်းကို ကိုရီးယားစာသားတွေနဲ့အပြိုင် လိုက်ဆိုနေကြပြီ။ ဒါဟာ ကျွန်မအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ” ဟု “Golden” သီချင်းကို ရေးသားသီဆိုခဲ့သူ Ejae က ဝမ်းသာပီတိဖြစ်စွာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

Netflix ပလက်ဖောင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိခဲ့သည့် “K-Pop: Demon Hunters” သည် K-Pop ဂီတနှင့် ပရိသတ်တို့၏ ယဉ်ကျေးမှုကို အာရုံခံစားမှုအပြည့်ဖြင့် ပုံဖော်ထားသည့် အင်္ဂလိပ်စကားပြော အန်နီမေးရှင်းရုပ်ရှင်ဖြစ်ပြီး ရေပန်းစားမှုအရှိန်အဟုန် အလွန်မြင့်မားခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။

 

K-Pop: Demon Hunters ဇာတ်ကားသည် ယခု အော်စကာဆုများ မရရှိမီကပင် ရွှေကမ္ဘာလုံးဆု (Golden Globe Awards) တွင် အကောင်းဆုံး ဇာတ်ဝင်တေးဆုကို ဆွတ်ခူးထားပြီးဖြစ်သည့်အပြင် အခြားသော နိုင်ငံတကာရုပ်ရှင်ဆုပေးပွဲများတွင်လည်း ဆုအများအပြား ရရှိထားကာ အောင်မြင်မှုများကို သိမ်းပိုက်ထားသည့် ရုပ်ရှင်တစ်ခု ဖြစ်သည်။