ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ပင်လယ်ပြင်များ၌ တိမ်အနည်းငယ် ဖြစ်ထွန်းနေသဖြင့် ယနေ့ (မတ်လ ၁၆ ရက်) ညနေပိုင်းတွင် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နွေမိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်။

နွေရာသီတွင် ဖြစ်ပေါ်တတ်သော နွေမိုးသည် အပူရှိန်ကြောင့် ရုတ်တရက် ရွာသွန်းတတ်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်။

 

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်း တစ်လျှောက်၌ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။

လာမည့်နှစ်ရက်အတွင်း၌လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ခြေ ဆက်ရှိနေဦးမည် ဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်