နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

 

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ဖန်တီး ထားသော ရွေးတုလွှတ်တော် (စစ်အုပ်စု၏ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ် လာသော လွှတ်တော်) ကို ယနေ့ မတ် ၁၆ ရက်တွင် စတင်အသက်သွင်းလိုက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

 

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနှင့် ပြည်သူလူထုက လက်ခံခြင်းမရှိဆန့်ကျင်နေသည့် အဆိုပါ ရွေးတုလွှတ်တော်၏ ပထမနေ့ အစည်းအဝေးကို ယနေ့တွင် စစ်အုပ်စုက ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာပတိအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျင်းပသည့် ရွေးတုလွှတ်တော် အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးနန္ဒကျော်စွာ၊ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ ဖြစ်လာကြသည်။ ၎င်းတို့အားလုံးမှာ စစ်အုပ်စု စိတ်ကြိုက်ဖန်တီးထားသည့် အမည်ခံအစိုးရဖွဲ့နိုင်ရန်အတွက် ကြိုတင်မဲများဖြင့် မဲအသာစီးရယူခဲ့သော စစ်အုပ်စုလက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။

 

ထို့အပြင် အဆိုပါ ရွေးတုလွှတ်တော်များအနက် အယောင်ပြ အမျိုးသားလွှတ်တော်ကို မတ် ၁၈ ရက်တွင်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို မတ် ၂၀ ရက်တွင်လည်းကောင်း အသီးသီး ခေါ်ယူသွားရန် စီစဉ်ထားသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အမည်ခံ အစိုးရဖွဲ့ နိုင်ရေးအတွက် သမ္မတနှင့် ဒုတိယသမ္မတနှစ် ဦးကို ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

 

စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ ခေါင်းဆောင်များနှင့် အတိုက်အခံ နိုင်ငံရေးပါတီများကို မတရားဖမ်းဆီး၊ ဖျက်သိမ်းကာ အတုအယောင်ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ အတင်းအကျပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာနှင့် အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ နေရာ၊ စုစုပေါင်း ၃၃၉ နေရာ အနိုင်ရရှိထားကြောင်း ကြေညာခဲ့သည်။

 

လက်ရှိ ရွေးတုလွှတ်တော်များတွင် ကြံ့ခိုင်ရေးနှင့် အမည်ခံ အိမ်ဖြည့်ပါတီများအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ခံမဟုတ်သော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလည်း တက်ရောက် နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမည်ခံအစိုးရဖွဲ့ကာ အာဏာချုပ်ကိုင် ထားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

အလားတူ တစ်ဖက်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲအရ ပြည်သူက တရားဝင် ရွေးကောက် တင်မြှောက်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ပြုကော်မတီ (CRPH) က စစ်အုပ်စုနှင့် တစ်ပြိုင်တည်းမှာပင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ယနေ့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ပုံစာ-ရွေးတုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တို့ကို တွေ့ရစဉ်။